ကျဆုံးစေမယ့် အကြောင်းချက်တစ်ခု - ဒေါက်တာ ဖြိုးသီဟ

ကျဆုံးစေမယ့် အကြောင်းချက်တစ်ခု

မနေ့က စံပယ်ဖြူသင်တန်းမှာ Nokia ကျဆုံးခဲ့ရခြင်းအကြောင်းကို ဆွေးနွေးဖြစ်ခဲ့တယ်။ အပြောင်းအလဲ မလုပ်ဘဲနေမိရင် ဒီခေတ်မှာ ခံသွားရလိမ့်မယ်ဆိုတဲ့ အကြောင်းပါ။ တော်တော်များများလည်း သိပြီးဖြစ်ပါလိမ့်မယ်။ စီးပွါးရေးနယ်ပယ်မှာတော့ အင်မတန် ကိုးကားကြတဲ့ ဥပမာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဆက်စပ်တွေးမိပါတယ်။

သူတို့ ဘာလို့အပြောင်းအလဲ မလုပ်ခဲ့တာလဲ။
ဖြစ်နိုင်ချေရှိတာကတော့ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်ချမှု လွန်ကဲခဲ့တာကြောင့်ပါပဲ။

တခြားဖုန်းတွေက အသစ်တွေလုပ်လာကြတယ်။ အဲဒီအချိန်မှာ ‘ဟာ ရပါတယ် ငါတို့ဟာက ခေတ်မီပြီးသား၊ ငါတို့မှာက အမာခံ Customer တွေ ရှိပြီးသား’ စသဖြင့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားတဲ့အခါ အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်သွားခဲ့ပါတယ်။ အကျိုးဆက်ကတော့ မြင်တဲ့အတိုင်းပါပဲ။

ဒီဥပမာက စီးပွါးရေးးလုပ်မှ သိထားရမှာလားဆိုတော့ မဟုတ်ပါဘူး။

ဥပမာ ကိုယ့်ချစ်သူက ကိုယ့်အပေါ် သိပ်အနွံတာခံတယ်။ ဟာ ဒီကောင်မလေး ငါ့မပြတ်နိုင်ပါဘူးကွာ ဆိုပြီး တစ်ဖက်သတ်အနိုင်ယူမယ်ဆိုရင် တစ်ချိန်ကျ ထားသွားခံရလိမ့်မယ်။

ကိုယ်က အင်္ဂလိပ်စာကျူရှင်ဆရာပေါ့။ စာအသင်အပြ တအားကောင်းတယ်၊ ကိုယ်သိထားတာတွေကို တပည့်တွေ နားဝင်အောင် ပြောနိုင်တယ်။ ဒီတော့ နာမည်ကြီးတယ်ပေါ့။ ဒါပေမယ့် ခေတ်က ပြောင်းလာတယ်။ အရင်လို ဆရာက တပည့်ဆီ One way သွားတဲ့ Passive learning style ကနေ ဆရာနဲ့တပည့် အပြန်အလှန်ဆွေးနွေးတဲ့၊ တပည့်ကို လွတ်လပ်ခွင့်ပေးတဲ့ Active learning style က ပိုခေတ်စားလာတယ်။ အရင်တုန်းကလို စည်းကမ်းတင်းကြပ်တာ၊ ဆူပူကြိမ်းမောင်းတာ၊ တပည့်တွေက တုန်နေအောင် ကြောက်ရတာ၊ ဒီလိုပုံစံတွေထက် လွတ်လပ်ခွင့်ကို ပိုလိုချင်လာတယ်။ ခေတ်သစ်နည်းပညာတွေကို သုံးပြီး သူတို့ရဲ့ လေ့လာသင်ယူမှုကို ဘယ်လောက်ထိ တွန်းအားပေးနိုင်မလဲဆိုတာတွေ အရေးကြီးလာမယ်။ ငါ့သင်ကြားမှုတွေ တအားကောင်းတာပဲ အထင်နဲ့ ဒါတွေ မပြောင်းလဲနိုင်တဲ့သူဟာ ဒီခေတ်မှာ ကျန်ခဲ့တော့မယ်။

အနုပညာရှင်တစ်ယောက် နာမည်တအားကြီးလာတယ်။ ဒီအခါ ပရိသတ်အပေါ် မလေးမစား လုပ်လာတယ်။ ဘာလို့ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အမြဲအောင်မြင်နေတော့မယ်၊ ပရိသတ်က အားပေးနေတော့မယ် ထင်လာတာကိုး။

နိုင်ငံရေးပါတီတစ်ခု။ ဒီပြည်သူတွေ ငါတို့ကလွဲလို့ မဲထည့်စရာ တခြားပါတီ မရှိပါဘူးကွာ ဆိုပြီး မဆင်မခြင်တွေ လုပ်တဲ့အခါ ကိုယ့်လောက်မှ သမိုင်းကြောင်းမရှိတဲ့ပါတီကို အရှုံးပေးလိုက်ရတာမျိုး၊ ဗလာမဲတွေ၊ ပယ်မဲတွေ၊ မဲလာမထည့်သူတွေနဲ့ ကြုံပြီး လိုရာပန်းတိုင် မရောက်တော့တာမျိုးတွေ ဖြစ်တတ်တယ်။ (မှတ်ချက် – ကမ္ဘာပေါ်ရှိ နိုင်ငံရေးပါတီများအားလုံးကို ဆိုလိုခြင်းဖြစ်ပါသည်)

တကယ်တော့ အောင်မြင်မှုဆီ သွားရာလမ်း ဆိုတာ တောင်တက်ခရီးစဉ်တစ်ခုလိုပဲ။ မရောက်ရောက်အောင် အပင်ပန်းခံတက်၊ ရောက်တော့လည်း အမြဲနေနိုင်တာ မဟုတ်ဘူး၊ ခဏနေ ပြန်ဆင်းလာရမှာပဲ။ ဒါကို နှလုံးသွင်းထားဖို့ လိုတယ်။

ဘယ်လောက်ကြာကြာ နေခွင့်ရမယ်ဆိုတာကတော့ ကိုယ့်စိတ်ကို ဘယ်လိုထားသလဲဆိုတာနဲ့ အဓိက ဆိုင်တယ်။

ဒါကြောင့် အောင်မြင်မှုကို ရေရှည်ထိန်းထားချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့ အလေ့အထလေးကို မွေးမြူထားနိုင်ဖို့ လိုပါတယ်။

အနုပညာရှင်ဆိုတာ အားပေးတဲ့ ပရိသတ်မရှိဘဲ မဖြစ်ပါဘူး။

စားသုံးသူမရှိဘဲ စီးပွါးရေးလုပ်ငန်းတစ်ခု ဘယ်လိုနည်းနဲ့မှ မအောင်မြင်နိုင်ပါဘူး။

စာဖတ်သူမရှိဘဲ စာရေးသူဆိုတာလည်း ရှိမလာပါဘူး။

ဒီလိုပဲ၊ မဲပေးတဲ့ မိဘပြည်သူတွေ မရှိဘဲ ဘယ်ပါတီမှ အစိုးရလုပ်လို့ မရသလို၊ လုပ်ပိုင်ခွင့်ဆိုတာလည်း ရှိမလာဘူး။

လူတွေဟာ အောင်မြင်မှုရလာတဲ့အခါ ပြောင်းလဲလာကြတယ်။

ရည်းစားစကား ပြောတုန်းက တစ်မျိုး၊ ရည်းစားဖြစ်ပြီးတော့ တစ်မျိုး။

ဒီလောကထဲ ၀င်စတုန်းက ပရိသတ်ကြီး ဘာညာ၊ နာမည်ကြီးသွားတော့ ပရိသတ်ကို မထီမဲ့မြင် ပြုလာတယ်။

မဲဆွယ်တုန်းက ဘာဖြစ်စေရမယ်၊ ညာဖြစ်စေရမယ်၊ အစိုးရဖြစ်ပြီးတော့ လေသံတွေက ပြောင်းလာတယ်။

အဲဒီလို ကိုယ့်စိတ်သဘောထားတွေ၊ ခံယူချက်တွေ၊ အပြုအမူတွေ ပြောင်းလဲလာပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုတွေ လွန်ကဲလာပြီ ဆိုရင်တော့ သိထားလိုက်ပါ၊
ကိုယ်ဟာ ကျဆုံးမယ့်လမ်းကြောင်းပေါ် နင်းမိနေပြီဆိုတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၉.၄.၂၀၁၇

Photo – Google

650 Shares