ထိန်းချုပ်နိုင်စွမ်း မြင့်မားဖို့လိုတယ် - ဒေါက်တာ ဖြိုးသီဟ

ထိန်းချုပ်နိုင်စွမ်း မြင့်မားဖို့လိုတယ်

Feedback is the breakfast of the champions.
ဝေဖန်သံတွေဟာ နယ်ပယ်တစ်ခုခုမှာ ချန်ပီယံဖြစ်လိုသူတွေ မနက်တိုင်း စားသုံးသင့်တဲ့ မနက်စာဖြစ်ပါတယ် တဲ့။

ပုံပြင်လေးနှစ်ခု ရှိပါတယ်။ (မှတ်မိသလို ပြန်ရေးတာမို့ အနည်းငယ် လွဲကောင်းလွဲနိုင်ပါတယ်)

ပထမတစ်ခုက သားအဖနှစ်ယောက် မြည်းတစ်ကောင် ၀ယ်လာပါတယ်။ အဲဒီမြည်းကို စီးပြီး ၀င်လာတော့ လူတွေကပြောတယ်၊ မြည်းကို မညှာမတာ စီးနေကြတယ် တဲ့။ အဲဒါနဲ့ သူတို့လည်း မြည်းကို ဒီအတိုင်းဆွဲလာပြီး လမ်းလျှောက်လာကြတယ်။ အဲဒီမှာ တွေ့တဲ့လူတွေက ပြောကြပြန်ရော၊ ဒီလူတွေနှယ် တုံးလိုက်တာ၊ မြည်းကြီးတစ်ကောင်လုံး ၀ယ်လာပြီး မစီးဘဲ ဆွဲလာရတယ်လို့။ ဆိုလိုတာက လူတွေပြောသမျှ လိုက်လုပ်နေစရာ မလိုဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ။

နောက်တစ်ခုကတော့ ဖားပုံပြင်။ ဖားလေးနှစ်ကောင် ရေတွင်းထဲကျသွားတယ်။ အပြင်ကိုရောက်ဖို့ ကြိုးစားခုန်ကြတယ်ပေါ့။ အဲဒီအချိန်မှာ အပေါ်ကလူတွေက ပြောတယ်၊ ခုန်မနေနဲ့ ပင်ပန်းတယ် နည်းနည်းနောနော အမြင့်ကြီးမှမဟုတ်တာ ဆိုတော့ ဖားလေးတစ်ကောင်က မခုန်တော့ဘဲ လက်လျှော့လိုက်တယ် တဲ့။ စိတ်ဓါတ်ကျသွားတာပေါ့။ နောက်တစ်ကောင်ကတော့ ခုန်မြဲအတိုင်း ခုန်နေတာပဲ။ အဲဒီလို ခုန်ရင်းခုန်ရင်းနဲ့ အပေါ်ကို ရောက်သွားပါလေရော။ အဲဒီတော့ လူတွေက ငါတို့ ဒီလောက်အော်နေတာ ဒီကောင် မကြားဘူးလားမသိဘူး ဆိုတော့ ဘယ်ဟုတ်မလဲ၊ ဒီဖားက နားမကြားတဲ့ဖား ဖြစ်နေတာကိုး။ သူ့စိတ်ထဲ လူတွေက အားပေးနေတယ်မှတ်ပြီး ခုန်လိုက်တာ အပေါ်ကိုရောက်သွားပါလေရော။ ဒီပုံပြင်ကလည်း ဒီလိုပဲ၊ လူတွေစကား နားမယောင်နဲ့၊ မင်းဟာမင်း လုပ်မယ့်ဟာ ဖြောင့်ဖြောင့်တန်းတန်း လုပ်၊ ဒီမက်ဆေ့ကို ပေးတယ်။

တကယ်တော့ ဒီလိုပုံပြင်တွေ၊ တက်ကျမ်းတွေ၊ ဘ၀မှာ ဘယ်လိုလုပ်ရင် အောင်မြင်မယ်ဆိုတာတွေက တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ရေးထားတာတွေ ဖြစ်ပါတယ်။ လူအားလုံးအတွက် အခါခပ်သိမ်း မမှန်နိုင်ပါဘူး။ ဒါကြောင့်မို့ ဘယ်အဆိုအမိန့်၊ ဘယ်အကြောင်းအရာကိုမှ တရားသေ မယူကြစေချင်ပါဘူး။

ဝေဖန်မှုနဲ့ပတ်သက်ရင်လည်း ဒီလိုပါပဲ။ တစ်ယောက်က မနက်တိုင်း စားသင့်တဲ့မနက်စာ တဲ့။ နောက်တစ်ယောက်က ဝေဖန်တာတွေ နားမယောင်နဲ့တဲ့။

ဒါဆို ဘာလုပ်ရမှာလဲ။
ရှင်းပါတယ်။ ဘယ်သူက ပြောတာလဲ၊ သူ့ဝေဖန်မှုက ကိုယ့်အတွက် တကယ်အကျိုးရှိတာလား၊ စသဖြင့် ချင့်ချိန်ပြီး လက်ခံကြရမှာ ဖြစ်ပါတယ်။

ဝေဖန်မှုနဲ့ပတ်သက်ရင်တော့ အစွန်း(၃)ပါး ရှိပါတယ်။ တစ်ခုက မင်းတို့လည်း ပြောချင်ရာပြော၊ ငါလည်း လုပ်ချင်ရာလုပ်မယ် ဆိုတာမျိုး။ နောက်တစ်ခုက အလွန်အမင်း ခံစားတာ၊ နည်းနည်းလေး ပြောလိုက်တာနဲ့ လုပ်မယ့်အလုပ်ကို တွန့်သွားတာ၊ ဆက်မလုပ်တော့တာ။ နောက်ဆုံးတစ်ခုကတော့ ပြင်းပြင်းထန်ထန် တုံ့ပြန်တာမျိုးပါ။ ဘယ်တစ်ခုမှ မကောင်းပါဘူး။

ကိုယ့်ကိုယ်ကိုယ်နဲ့ပဲ ဥပမာပေးပါမယ်။ ၂၀၁၆ ဇူလိုင်အထိ ကျွန်တော့်အကောင့်မှာ Follower ၁ သောင်းခွဲပဲ ရှိပါတယ်။ အခု ၂၀၁၇ စက်တင်ဘာမှာ ၆ သောင်းကျော် ရှိနေပါတယ်။ ဆိုလိုတာက စာရေးခဲ့တဲ့သက်တမ်းမှာ ရှေ့ ၄နှစ်ထက် ခုနောက်ဆုံး ၁နှစ်မှာ ရေးခဲ့တဲ့စာတွေက လူပိုသိလာတယ် ဆိုတာပါပဲ။

ဘာကြောင့်လဲဆိုရင် ဝေဖန်အကြံပြုမှုတွေကြောင့်လို့ ဆိုရမှာပါပဲ။
“ဆရာ့စာတွေက ဖတ်လို့ကောင်းပါတယ်၊ ဒါပေမယ့် သိပ်ရှည်လွန်းတယ်” ဆိုတဲ့ ဝေဖန်မှုတွေက ကျွန်တော့်စာတွေကို ဖတ်ရပိုအဆင်ချောလာစေတယ်။
“စာရဲ့အဆုံးမှာ နာမည်လေးထည့်ပါလား ပိုသပ်ရပ်သွားတာပေါ့” ဆိုတဲ့ အကြံပြုချက်က ဖီရိုးသီဟ လိုလို ဖိုးသီဟ လိုလို တိုင်းရင်းသားနာမည်လိုလို ဘယ်လိုအသံထွက်ရမှန်းမသိ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့နာမည်ကို လူတွေပိုမှတ်မိသွားစေတယ်။
“အစ်ကို့ Timeline မှာ သူများလာတင်ထားတဲ့ပို့စ်တွေ ဖြုတ်ထားပါလား” ဆိုတဲ့ အကြံဉာဏ်လေးက ကျွန်တော့် Timeline ၀င်ကြည့်သူတိုင်းအတွက် ကျွန်တော်ရေးသမျှစာတွေ ပြန်ရှာပြီး ဖတ်ရလွယ်စေခဲ့တယ်။
ဒါတွေကိုသာ ခုနက ပုံပြင်နှစ်ခုကို နားယောင်ပြီး ငါလုပ်နေကျအတိုင်း လုပ်မယ်ကွ ဆိုပြီး တုံ့ပြန်ခဲ့ရင် ဘယ်လိုမှ အကျိုးရှိခဲ့မှာ မဟုတ်ပါဘူး။

ဝေဖန်ခံရတာနဲ့ ပတ်သက်ရင် လူတွေက စိုင်းစိုင်းကို နမူနာပေးကြပါတယ်။ အဝေဖန်ခံနိုင်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ထင်ပါတယ်။ လောကမှာ ဝေဖန်ခံ၊ ဆဲခံရတာကို ပျော်နေတဲ့လူတော့ မရှိပါဘူး။ စစချင်း ရင်ဆိုင်ရတဲ့အချိန်မှာတော့ ဒေါသထွက်ကြ၊ စိတ်တိုကြတာချည်းပါပဲ။ သူလည်း ဖြစ်မှာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကို ရစရာမရှိအောင် ပြောထားတဲ့ ကွန်မန့်တွေဖတ်ပြီး Shock ဖြစ်ခဲ့ဖူးတာပါပဲ။ တကယ်တော့ အဝေဖန်ခံနိုင်တယ် ဆိုတာ တည့်တည့်ရင်ဆိုင်ပြီးမှ ရလာတဲ့ အလေ့အကျင့်တစ်ရပ်သာ ဖြစ်ပါတယ်။ ဒါက မွေးရာပါဗီဇလည်း မဟုတ်သလို ပါရမီလည်း မဟုတ်ဘူး၊ ဘယ်စာအုပ်ကမှလည်း သင်မပေးနိုင်ပါဘူး။ ကိုယ့်ဟာကိုယ် လေ့ကျင့်ယူရတဲ့ စွမ်းရည်တစ်ရပ်သာ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာ ကြည့်ကြည့်ပါ။ ဝေဖန်မှုတွေနဲ့ အသားကျနေရမယ့် နာမည်ကျော်တွေ၊ အနုပညာရှင်တွေတောင် အဝေဖန်ခံရတဲ့အခါ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တာ တွေ့ရပါတယ်။ သူတို့လောက် အတွေ့အထိ မများတဲ့သူဆို ပိုဆိုးတာပေါ့။

အလုပ်အစည်းအဝေးမှာ တစ်ဖက်ဌာနက ကိုယ့်မျက်နှာကို တည့်တည့်ကြီးကြည့်ပြီး ဝေဖန်လာတဲ့အခါ၊ Customer က ကိုယ့်ကို ဖုန်းဆက်၊ Complain လုပ်တဲ့အခါ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြမှာလဲ။
အပြင်းအထန် တုံ့ပြန်မှာလား၊ အလွန်အမင်း ခံစားမှာလား၊ ဒါမှမဟုတ် ပြောချင်ရာပြောပါစေ၊ လုပ်ချင်ရာ ဆက်လုပ်မှာလား။ ဒီစိတ်ခံစားချက်တွေကို မထိန်းနိုင်သရွေ့တော့ ဝေဖန်မှုဟာ ကျွန်တော်တို့ စားသုံးသင့်တဲ့ မနက်စာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘဲ ကျွန်တော်တို့အတွက် အဆိပ်အတောက်တွေသာ ဖြစ်နေဦးမှာပါ။

ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားသူတွေ၊ တစ်နည်းအားဖြင့် Emotional Intelligence မြင့်သူတွေဟာ နယ်ပယ်တိုင်းမှာ ‘ထိပ်’ ရောက်နေကြတာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၁.၉.၂၀၁၇

2K Shares