ထိရောက်သော မန်နေဂျာများ၏ အလေ့အကျင့်(၇)ရပ် - ဒေါက်တာ ဖြိုးသီဟ

ထိရောက်သော မန်နေဂျာများ၏ အလေ့အကျင့်(၇)ရပ်

(၄)နှစ်ကျော်ကာလ အတွေ့အကြုံအရ သတိထားမိလာတာတစ်ခုကတော့ အဖွဲ့အစည်းတွေရဲ့ အောင်မြင်မှုဟာ အငယ်တန်းနဲ့ အလယ်အလတ်မန်နေဂျာများရဲ့ စီမံခန့်ခွဲမှု တော်ခြင်း မတော်ခြင်းပေါ်မှာ အများကြီးမူတည်နေတယ် ဆိုတာပါပဲ။ သူတို့တော်ရင် တော်သလို ရလဒ်တွေ တက်လာတတ်ပြီး အဆင်မပြေရင် မပြေသလိုလည်း ထိုးဆင်းသွားတတ်ပါတယ်။ ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေရော၊ တအားတော်တဲ့ လုပ်ဖော်ကိုင်ဖက် မန်နေဂျာများဆီကနေ လေ့လာလို့ရတာတွေရော ပေါင်းစပ်ပြီး ဒီပို့စ်လေး ရေးဖြစ်ပါတယ်။

၁။ အစိတ်အပိုင်းများကို တပ်ဆင်တတ်ခြင်း

နာမည်ကျော်နည်းပြကြီး ဖာဂူဆန်ရဲ့ အသုံးအနှုန်းပါ၊ Assembling the pieces တဲ့။ အသင်းအဖွဲ့တစ်ခု လိုချင်တဲ့ပန်းတိုင်ဆီ အရောက်သွားနိုင်ဖို့ အရင်ဆုံး ကိုယ့်အသင်းအဖွဲ့ကို တည်ဆောက်ရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ Personality မတူကြပါဘူး။ တချို့က Introvert ဖြစ်တယ်၊ အသေးစိတ်ကို အားသန်တယ်၊ သူ့ဆီက Report တွေ တက်လာရင် သိပ်စစ်စရာ မလိုဘူး။ တချို့ကျ Extrovert ၊ ပြောရဆိုရမယ်ဆို အဆင်ပြေတယ်၊ အသေးစိတ်ဆို အလွဲလွဲအမှားမှား။ သူ့ကျ လူရှေ့ထွက်ရတဲ့ ပွဲတွေလိုမျိုးမှာ များများတာဝန်ပေးရမယ်။

အတွေ့အကြုံအရ အားလုံးတပြေးညီ မျှမျှတတ လုပ်ကြရမယ် ဆိုတဲ့မူဟာ မထိရောက်သလို၊ လုပ်နေရတဲ့သူတွေမှာလည်း ဖိအားဖြစ်ပါတယ်။ သူလုပ်ရင် ဒီပွဲက အောင်မြင်မှာ မဟုတ်ပါဘူး၊ ဒီ report တွေ လုပ်ကိုမလုပ်ချင်ဘူး ဆိုတာမျိုးတွေ ရှိတာကိုး။

ဒါကြောင့် လူအားလုံးဆီက တပြေးညီသော အရည်အသွေးမျိုးတွေ မျှော်လင့်နေတာထက် သူ့သက်ဆိုင်ရာ အရည်အသွေးအလိုက် အသုံးချနိုင်ဖို့ လိုတယ်။ လက်ချောင်းငါးချောင်းတောင် မညီပါဘူး၊ သူ့တန်ဖိုးနဲ့သူ ရှိကြတာပဲ။ ကိုယ်က လက်ခလယ်က အရှည်ဆုံးမို့ လယ်ခလယ်ချည်း ငါးချောင်းစလုံးယူမယ် ဆိုရင် စဉ်းစားကြည့်ပါ။ လက်သီးတင်းတင်းဆုပ်လို့ ရမယ် မဟုတ်ပါဘူး။ ဒီလိုပဲ၊ Diverse ဖြစ်မနေတဲ့ အသင်းအဖွဲ့တစ်ခုဟာ စုစည်းမှု၊ ထိရောက်မှုတွေမှာ အားနည်းနေတတ်ပါတယ်။ ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ အရည်အသွေးတွေကို ထည့်ဖို့ မကြိုးစားပါနဲ့၊ ရှိပြီးသားတွေထဲကနေပဲ အစွမ်းကုန် ညှစ်ထုတ်သုံးစွဲပါ။

၂။ ဂရုစိုက်တတ်ခြင်း

Mobile clinic တစ်ခုကို ခက်ခက်ခဲခဲလုပ်ပြီး ပြန်လာခဲ့တဲ့ အဖွဲ့သားတွေကို တွေ့တွေ့ချင်း အရင်ဆုံး ဘာမေးမလဲ။ လူနာဘယ်နှယောက် ရခဲ့သလဲ ဆိုပြီး မေးလည်းရတယ်။ လမ်းခရီးအဆင်ပြေကြရဲ့လား၊ ပင်ပန်းနေကြမှာပေါ့ ဆိုပြီး ပြောလည်းရတယ်။ ဘာမှတော့ မဟုတ်ပေမယ့် အဲဒီနှစ်ခွန်းက တော်တော်လေး ကွာခြားပါတယ်။

ပထမတစ်ခွန်းက အဖွဲ့သားတွေရဲ့ အရေးထက် Target ပြည့်ဖို့ကို ပိုအားသန်တဲ့ စိတ်ကိုပြတယ်၊ ဒုတိယတစ်ခွန်းက အဖွဲ့သားတွေဟာ ကိုယ့်အတွက် နံပါတ်တစ် ဖြစ်ကြောင်းကို ပြတယ်။

People do not care how much you know until they know how much you care တဲ့။ လူတွေဟာ သူတို့ကို ခင်ဗျားက ဂရုစိုက်ပါလားဆိုတာ မသိမချင်း ခင်ဗျား ဘယ်လောက်သိသလဲ ဆိုတာကိုလည်း သူတို့က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုဂရုစိုက်တဲ့ ခေါင်းဆောင်နဲ့သာဆို လူတွေဟာ ဘယ်လောက်ဝေးတဲ့ ခရီးပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲခက်ခဲခက်ခဲ အတူသွားဖို့ အသင့်ဖြစ်နေတတ်ကြတယ်။ ဒီစကားကိုပဲ ဒီလူပြောတုန်းက အဆင်ပြေတယ်၊ နောက်လူကပြောတော့ မကြိုက်တော့ဘူး။ ဒီခရီးကိုပဲ ဒီလူနဲ့သွားတုန်းက မညည်းကြဘူး၊ နောက်လူနဲ့ကျတော့ ဝေးတယ်၊ မသွားချင်ဘူး ဖြစ်ကုန်တယ်။ ဘာလို့လဲ။ အဓိက က ယုံကြည်မှုပါပဲ။ သူမလုပ်ရတိုင်း ခိုင်းနေတယ် ဆိုတာမျိုး မြင်နေရင် ဒါမျိုး Complaint တွေ တက်မယ်။ ငါတို့ကို ဂရုစိုက်တယ်လို့ သိထားကြရင်တော့ ခက်ခဲတဲ့နေရာဆို ကိုယ့်ကိုတောင်ထားခဲ့ပြီး သူတို့ပဲသွားလိုက်မယ် ဆိုတာမျိုး လုပ်ကြလိမ့်မယ်။

ကိုယ့်မွေးနေ့ကိုယ်မေ့နေတဲ့ အဖွဲ့သားတစ်ယောက်ကို surprise လုပ်ပေးမယ်၊ နေမကောင်းတဲ့သူကို သတင်းမေးမယ်၊ ဒါတွေဟာ ဘာမှလည်း မပင်ပန်းသလို၊ အထွေအထူး အားစိုက်ထုတ်စရာလည်း မလိုပါဘူး။ ဂရုစိုက်တတ်တဲ့ စိတ်လေး ရှိဖို့သာ လိုတာပါ။

၃။ ခေါင်းဆောင်မှု ပေးနိုင်ခြင်း

ရာထူးနာမည်အရ မန်နေဂျာဆိုပေမယ့် ခေါင်းဆောင်မှုလည်း ပေးနိုင်ဖို့ လိုပါတယ်။ ခေါင်းဆောင်မှုဆိုတာ ဘာလဲ အရှင်းဆုံးပြောရရင်တော့ Change Motivation Inspiration နဲ့ Influence ပါပဲ။

ကိုယ်စပြီး ဒီအလုပ်ကို တာဝန်ယူချိန်ကစလို့ ကိုယ်လိုချင်တဲ့ပုံစံကို ရှင်းရှင်းလင်းလင်း ပြောတယ်၊ ဖြည်းဖြည်းချင်း ပြောင်းလဲယူတယ်။

စိတ်ဓါတ်တက်ကြွစေတယ် ဆိုတဲ့နေရာမှာ အမျိုးမျိုးရှိတယ်။ Target ချပြီး အဲဒါကို ရအောင်လုပ်မယ်ဆိုတာမျိုးလည်း ဖြစ်တယ်။ Performance အကောင်းဆုံးလူကို ဆုပေးမယ် ဆိုတာမျိုးတွေလည်း လုပ်ကြတယ်။ စိတ်အားထက်သန်မှုအပြည့်နဲ့ကိုယ့်ကို ကြည့်ပြီး သူတို့ပါ အလိုလိုတက်ကြွလာတာမျိုးတွေလည်း ရှိတယ်။

ခေါင်းဆောင်ကောင်းတွေဟာ သူတို့လူတွေကို Inspiration ကောင်းကောင်းပေးနိုင်တယ်။ သူတို့စကားမို့နားထောင်ပြီးရင် ငါတို့အားလုံးဟာ အရေးကြီးတဲ့အလုပ်တစ်ခု၊ ပြည်သူတွေအတွက် အကျိုးရှိမယ့်အလုပ်တစ်ခုကို လုပ်နေတာပါလား ဆိုပြီး တန်ဖိုးထားတတ်လာကြတယ်။

လွှမ်းမိုးနိုင်စွမ်း ဆိုတဲ့ကိစ္စကို စဉ်းစားတဲ့နေရာမှာ လူကောင်သေးတာ၊ အသက်ငယ်တာ၊ မိန်းကလေးဖြစ်တာ၊ ဒါတွေမေ့လိုက်ပါ။ အဓိကက Personal power ရှိဖို့ပါပဲ။ ငါ မန်နေဂျာပဲ ဆိုတဲ့ Positional power က ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ ဒီတော့ Personal power ရှိအောင် ဘယ်လိုလုပ်မလဲ။ ရှေ့ဆောင်လမ်းပြ ဖြစ်ရမယ်။ စည်းကမ်းလိုက်နာရမယ်။ Knowledge Skill သာရမယ်။ Attitude မှန်ရမယ်။ Pro ပီသရမယ်။ ပြောရဲဆိုရဲရမယ်၊ ဆုံးဖြတ်ရဲရမယ်။ ဒါတွေဟာ Personal power ရရာရကြောင်း အရည်အသွေးတွေပါပဲ၊

၎။ သတ္တိရှိခြင်း

ဆိုလိုတာက ရုံးချုပ်ကနေ စစ်ဆေးရေးလာမယ်၊ ဒီအခါ ဘာလုပ်မလဲ၊ အပြကောင်ေးအာင် မိတ်ကပ်တွေ အတင်းမလိမ်းဘူး၊ ပုံမှန်လုပ်နေကျအတိုင်းပဲ လုပ်နေတယ်။ သူတို့လာတယ်ဆိုတာ ပိုကောင်းအောင် လာလုပ်ပေးတာ၊ သူတို့ပြောသွားရင် ပြင်လို့ရတယ်၊ မလှတာကို မိတ်ကပ်အတင်းလိမ်းထားရင် လာကြည့်သူဧည့်သည်က ဘာမှမမြင်တော့ ဘာမှပြောသွားလို့မရတော့ဘူး၊ ဒီလိုခံယူတတ်ကြတယ်။ ဒီအခါ ရုံးချုပ်က လာမှာမို့ ဘာလုပ်ထား၊ ညာလုပ်ထား ဆိုတဲ့ ဖိအားမျိုးတွေလည်း ဘယ်သူကမှ မခံစားရတော့ဘူး။ အဖွဲ့သားတွေလည်း ပျော်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။ ဘယ်သူလာမှာမို့ ကြောက်နေရတယ် ဆိုတဲ့ခံစားမှုက ပျောက်သွားတယ်။

နောက်တစ်ခု သတိထားမိတာက အဲ့လိုခံယူထားတတ်သူတွေဟာ ဘယ်တော့မှလည်း ဖြစ်ကတတ်ဆန်း လုပ်မထားတတ်တာပဲ။ အဲဒီလိုပဲ၊ အပြောခံရမှာကို ကြောက်ပြီး မိတ်ကပ်လိမ်းဖို့ ကြိုးစားနေသူတွေဟာ ပုံမှန်မှာလည်း အလုပ်ကို သေချာလုပ်မနေကြတာကို တွေ့ရတယ်။

Achievement နည်းတာလည်း ပြဿနာမရှိဘူး။ အဓိကက ကိုယ့်နေရာမှာ ဘယ်သူလာလုပ်လုပ်၊ ဒီထက်မများစေရဘူး ဆိုတာမျိုး ပြောနိုင်တဲ့အထိ ကြိုးစားထားဖို့ပဲ လိုတယ်။ ဘာကြောင့် နည်းသွားရတယ် ဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိတယ်၊ ဒီအခက်အခဲကို ကျော်လွှားဖို့ ဘယ်လိုစီစဉ်ထားတယ် ဆိုတဲ့ Plan ရှိတယ်ဆိုရင် ဘယ်လောက်နည်းနေတဲ့ output ပဲဖြစ်ဖြစ် ကြောက်နေရမှာ မဟုတ်ဘူး။ ဘယ်သူတွေကြောက်သလဲဆိုရင်တော့ လုံလောက်တဲ့ ကြိုးစားအားထုတ်မှု ရှိမထားတဲ့သူတွေပဲ ကြောက်ကြပါတယ်။

၅။ ဆက်သွယ်ပြန်ကြားတတ်ခြင်း

Communication skill လို့ ပြောလိုက်ရင် စကားပြောကောင်းတာချည်း ပြေးမြင်ကြပါတယ်။ အမှန်တော့ မကပါဘူး၊ အဲ့ထက်ပိုပါတယ်။ လွယ်လွယ်လေးပဲ ပြောရရင်တော့ ကိုယ်ဆိုလိုချင်တာကို ရှင်းရှင်းလင်းလင်း ပြောတတ်မယ်၊ တစ်ဖက်က ပြောလာတာတွေကိုလည်း နားထောင်တတ်မယ်ဆိုရင် အောင်မြင်တာပါပဲ။ နားထောင်တာပဲ ဘာခက်လို့လဲ ထင်မယ်။ မဟုတ်ပါဘူး၊ ခက်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ပြဿနာတော်တော်များများဟာ နားမထောင်တတ်ကြလို့ ဖြစ်နေတာပါ။ ရေပါလာတာပဲ လိုချင်တယ်၊ ရေဗူးပေါက်တာ မကြားချင်ဘူးဆိုတဲ့ အမူအကျင့်မျိုးရှိသူဟာ စကားပြောဘယ်လောက်ကောင်းကောင်း၊ Communication skill ညံ့တယ်ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

၆။ စုစည်းမှုပေးနိုင်ခြင်း

Team work ဆိုတာ ၁ နဲ့ ၁ ပေါင်းလို့ ၂ ထက်ပိုတာကို ခေါ်တာပါ။ ခေါင်းဆောင်ရဲ့ တာဝန်ကတော့ သူ့ချည်းပဲရှိနေတဲ့ ၁ နှစ်ခုကို ပေါင်းပေးရမှာ ဖြစ်ပါတယ်။ ခရီးအတူထွက်ကြတာ၊ လစာထုတ်တဲ့ရက်ကို တစ်ဆိုင်ဆိုင်မှာ သွားစားကြတာတွေက အသင်းအဖွဲ့ရဲ့ ရင်းနှီးမှု၊ နားလည်မှုကို တက်စေပါတယ်။ ဒီအပိုင်းကို သိပ်အလေးထားတဲ့ မန်နေဂျာများဆို နေ့လည်စာ ထမင်းစားချိန်တွေကို အိမ်ကိုပေးပြန်မစားပါဘူး။ ဘယ်လောက်အိမ်နီးတဲ့သူဖြစ်ဖြစ် ရုံးကို ထမင်းချိုင့်သယ်လာခိုင်းတယ်။ အတူတူစုစားတယ်။ စကားတပြောပြောနဲ့ သူ့ဟင်းကိုယ်ယူ ကိုယ့်ဟင်းသူနှိုက် စားကြတယ်။ ဒါသည်လည်း အသင်းအဖွဲ့ကို စုစည်းမှု၊ နားလည်မှု၊ ရင်းနှီးမှုရှိစေတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

၇။ ပြတ်သားမှု ရှိခြင်း

မန်နေဂျာတစ်ယောက် မအောင်မြင်ရခြင်းအကြောင်းရင်းတွေထဲမှာ လူမုန်းမခံလိုခြင်းကလည်း ထိပ်ဆုံးကပါတယ်။ ဒီနေရာရောက်လာရင်တော့ ပြောစရာရှိတာ ပြောကိုပြောရတော့မယ်။ အဖွဲ့သားတွေအပေါ် နားလည်မှုထားတယ်၊ ဂရုစိုက်တယ်ဆိုပေမယ့် သူတို့ဘယ်လိုမှ လက်မခံနိုင်တဲ့အဆင့် ဆိုတာကို သတ်မှတ်ထားတတ်ကြတယ်၊ အဲ့ဒါကို လွန်လာရင်တော့ သည်းမခံတတ်ဘူး၊ ပြတ်ပြတ်သားသား ပြောတတ်၊ လုပ်တတ်ကြတယ်။ Client ကို ကောင်းကောင်းမဆက်ဆံတာ၊ ရုံးချိန်ကို အကြောင်းကြားခြင်း မရှိဘဲ နောက်ကျတာ၊ ဆေးလိပ်အရက်သောက်တာ၊ အလုပ်မလုပ်တာ၊ စသဖြင့် ဘယ်လိုမှ လက်ခံပေးလို့ မရတဲ့ အနေအထားတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတယ်၊ ပြောလည်းပြောပြထားတယ်၊ လုပ်လာရင်လည်း လက်ခံမပေးသလို၊ ပြောဖို့ကိုလည်း တွန့်ဆုတ်မနေဘူး။ တကယ်တော့ ဒါဟာလည်း အသင်းအဖွဲ့ကို စုစည်းစေပါတယ်။ စည်းကမ်းလျော့ရဲလွန်းရင် လုပ်ချင်ရာလုပ်လာမယ်၊ တစ်ယောက်နဲ့တစ်ယောက် လက်ညှိုးတွေထိုးကြတော့မယ်၊ ရလဒ်တွေကျမယ်၊ စိတ်ဓါတ်တက်ကြွမှုတွေလည်း နည်းလာလိမ့်မယ်။

ကိုယ့်အလုပ်မှာ တော်တာ၊ Technical skill ပြည့်ဝတာ ကောင်းပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုအရည်အသွေးတွေပါ ရှိထားရင်တော့ ကိုယ့်ရဲ့အစွမ်းအစတွေကို ဒီထက် ပိုသုံးလို့ရလာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးထဲက အမူအကျင့်(၇)ချက်ကတော့ တကယ့်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ရေးထားတာဖြစ်လို့ ဖတ်ရသူအတွက် တစ်စုံတစ်ရာ အကျိုးရှိမယ် မျှော်လင့်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၂.၁.၂၀၁၇

Leave a Reply

Your email address will not be published. Required fields are marked *

1K Shares