လူငယ်နှင့် ခေတ်သစ်ပြဿနာ(၃)ရပ် - ဒေါက်တာ ဖြိုးသီဟ

လူငယ်နှင့် ခေတ်သစ်ပြဿနာ(၃)ရပ်

နယူတန်က ပြောဖူးပါတယ်။

“If I have seen further, it is by standing upon the shoulders of giants.”

“ငါ တကယ်လို့ ပိုပြီး ဝေးဝေးမြင်လာတယ် ဆိုရင် အဲ့ဒါ ငါ့ရှေ့ကမျိုးဆက်ရဲ့ ပခုံးပေါ် တက်ကြည့်ခွင့် ရလို့သာဖြစ်တယ်” တဲ့။

ဟိုတစ်ပတ်က ဆေးတက္ကသိုလ်(၁)က ပထမနှစ် ကျောင်းသားကျောင်းသူတွေ ဦးဆောင်စီစဉ်တဲ့ စာကြည့်တိုက်ဖွင့်ပွဲလေးမှာ ဖိတ်ကြားခံရလို့ သွားဟောပြောဖြစ်ပါတယ်။ အင်မတန် တက်ကြွတဲ့ လူငယ်လေးတွေပါ။ သူတို့ဟာသူတို့ ကျောင်းထဲက အခန်းတစ်ခုကို ပါမောက္ခချုပ်ဆီ တောင်းတယ်၊ စာအုပ်တွေ စုဆောင်းတယ်၊ ဆရာတွေဆီက အလှူခံတယ်၊ ကျောင်းသားအချင်းချင်းလည်း လှုံ့ဆော်တယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်ကျေနပ်လိုက်တာ။ လွန်ခဲ့တဲ့ ၁၁နှစ်၊ ကျွန်တော်တို့တုန်းက ဒီိလိုစာကြည့်တိုက် လုပ်ဖို့ မပြောနဲ့၊ စာမေးပွဲအမှတ်များဖို့ပဲ ခေါင်းထဲရှိတယ်။ အခွင့်အရေးလည်း မရခဲ့ဘူး။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ခေတ်က အပိတ် ဖြစ်နေတာကိုး။ ခုခေတ် ညီငယ် ညီမငယ်တွေကျတော့ အခွင့်အရေးလည်း ရှိလာတယ်။ သူတို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့ထက် စွမ်းအားပိုသာတယ်၊ လုပ်နိုင်စွမ်း ပိုကောင်းနေတယ်။

တခြားနယ်ပယ်အသီးသီးကို ကြည့်ုလိုက်ရင်လည်း ဒီအတိုင်းပဲ တွေ့ရပါလိမ့်မယ်။ မျိုးဆက်တစ်ဆက်ထက် တစ်ဆက်ဟာ ပိုပိုပြီး သာလာကြတယ်။ ဖုန်းတွေ ကြည့်မလား၊ ကားထုတ်လုပ်မှု၊ အချက်အလက်သိုလှောင်မှု၊ နောက်ပြီး နိုင်ငံရေး၊ လူမျိုးရေး အကုန်လုံးမှာ တစ်ဆက်ထက်တစ်ဆက် ပိုသာလာကြတာကို တွေ့ရမှာပါ။ ဒါဟာ ရှေ့မျိုးဆက်များရဲ့ တာဝန်ကျေမှုကြောင့်လို့လည်း ဆိုနိုင်ပါတယ်။ အသားအရောင်ခွဲခြားမှုတွေ ရပ်တန့်ဖို့ အသက်အသေခံ တောင်းဆိုခဲ့တဲ့ မာတင်လူသာကင်းကြောင့် ဒီနေ့ခေတ်မှာ အသားအရောင်ရှိတဲ့ အမေရိကန်သမ္မတရယ်လို့ ဖြစ်လာခဲ့ပြီ။ ကျွန်တော်တို့နိုင်ငံမှာလည်း (၈၈)အရေးအခင်းကနေ ဒီမိုကရေစီကို တောင်းဆိုကြတယ်။ ကျွန်တော်တို့ခေတ်ကျ သွေးထွက်သံယိုတွေ ကြုံရတာ နည်းလာတယ်။ အစိုးရက ပြည်သူကို မိဘပြည်သူရယ်လို့ သုံးနှုန်းလာတယ်။ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးတွေလည်း လှိုင်လှိုင်ကြားလာရတယ်။ တော်လှန်ရေးခေတ် မဟုတ်တော့ဘူး၊ တည်ဆောက်ရေးခေတ် ဖြစ်လာတယ်။ အခြေတည်စပြုလာတဲ့ ဒီမိုကရေစီစနစ်ကို ခိုင်မြဲအောင် လုပ်ကြရမယ့်ခေတ် ဖြစ်လာတယ်။

နယ်ပယ်တိုင်းမှာ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်လာကြတော့ ခုခေတ်မှာဆို ကြည့်လိုက်ပါ၊ အရာအားလုံးဟာ လွယ်ကူနေတယ်။ ကုန်ကုန်ပြောရရင် တက္ကစီတားရတဲ့ဒုက္ခတောင် မရှိတော့ဘူး။ အင်တာနက်တွေ အလွယ်တကူ သုံးလို့ရလာတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလို ခက်ရာခက်ဆစ် မဟုတ်တော့ဘူး။ ဖုန်းတွေဆိုလည်း အဆင့်တအားမြင့်လာတယ်။ ကင်မရာတွေရောပဲ။ ရုပ်ဝတ္ထုတွေ တအားတိုးတက်လာတယ်။ တစ်ဖက်မှာလည်း အခွင့်အလမ်းတွေက ပေါလာတယ်။ ဒီနေ့ခေတ်မှာ ဘာဖြစ်ချင်သလဲ ဖြစ်ချင်တာအကုန်ဖြစ်လို့ရတယ်။ မင်းသား၊ မင်းသမီးလား၊ အဆိုတော်လား၊ စာရေးဆရာလား၊ အကန့်အသတ်တွေ နည်းလာတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ပျော်စရာကြီးပဲ။ ဒါပေမယ့် ပျော်နေကြလားဆိုတော့ ပျော်တယ်ထင်နေရတာ၊ အမှန်တကယ် ပျော်မနေကြဘူး။ အထူးသဖြင့် ဆယ်ကျော်သက်တွေကြားထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်လာတယ်။

ဘာဖြစ်လို့လဲ။ အကြောင်းရင်း (၃)ခု ရှိပါတယ်။

၁။ ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း (Hyper-competition)

ဒါက တကယ်တော့ ရှောင်လွှဲလို့မရပါဘူး။ အခွင့်အလမ်း များလာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်လာခြင်းပါ။ အရင်ခေတ်က အဆိုတော်ဖြစ်ဖို့ သိပ်ခက်တယ်။ ခုခေတ်တော့ အဆိုပြိုင်ပွဲတွေအများကြီး ရှိနေတဲ့အချိန်မှာ သူလည်းဖြစ်နိုင်တယ်၊ ကိုယ်လည်းဖြစ်နိုင်တယ်။ ဒီအခါမှာ တအားပြိုင်ဆိုင်လာရတယ်။ ဒါက အသေးဆုံးဥပမာပဲ ရှိသေးတယ်။ Globalization သဘောတရားအရ ကိုယ့်တစ်နိုင်ငံတည်း ပြိုင်ဆိုင်ရတာမျိုး မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးနဲ့ ပြိုင်နေရတယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။

တစ်ဖက်မှာလည်း ခေတ်က Result-oriented ရလဒ်အခြေပြုခေတ် ဖြစ်လာတယ်။ ဘောလုံးအားကစားနဲ့ နမူနာကြည့်လို့ရတယ်။ မနှစ်က ဖလားယူပေးထားတဲ့ နည်းပြတွေ ဒီနှစ်အထုတ်ခံရတယ်။ အရင်လို ၃-၄နှစ်အချိန်ပေး စောင့်ကြည့်တယ်၊ တည်ဆောက်ခွင့်ပေးတယ် ဆိုတာတွေက ရှားလာပြီ။ မင်း ဘယ်လောက်အောင်မြင်ခဲ့လဲ ဘယ်သူမှ မကြည့်တော့ဘူး၊ မင်းအခု ဘာတွေလုပ်ပေးနေသလဲ၊ လုပ်ပေးနိုင်သလဲပဲ ကြည့်တော့တယ်။ သစ္စာတရားတွေ၊ ထောက်ညှာတာတွေ မရှိတော့ဘူး။ အပြန်အလှန် အကျိုးပြုခြင်း (Mutual benefit) ဆိုတာမျိုးပဲ ရှိတော့တယ်။ ကိုယ့်ကို အသုံးမ၀င်တော့ဘူး ထင်တဲ့နေ့မှာ ကန်ထုတ်ဖို့လည်း ၀န်မလေးတော့ဘူး။ ဒီအခါ လူက ရပ်နေလို့မရတော့ဘူး။ အချိန်တိုင်း ပြေးနေရတယ်။ ကြိုးစားနေရတယ်။ လူမှုရေး၊ ဘာသာရေး စတဲ့ ဘ၀တစ်ခုကို ဟန်ချက်ညီအောင် ဖြတ်သန်းနိုင်မှုတွေ ရှားပါးလာတော့တယ်။

၂။ ရုပ်ဝတ္ထုကိုးကွယ်တာခြင်း (Materialism)

ဒီနေ့ခေတ်ရဲ့ နောက်ထပ်ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ Materialistic သိပ်ဖြစ်လာတာပါပဲ။ ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကောင်လေးအားလုံးက ချောနေတယ်။ ကောင်မလေးတွေက လှနေတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် ဘာကားစီးနိုင်သလဲ၊ ဘယ်သူ့သားသမီးလဲ၊ ဘာဖုန်းကိုင်လဲ ဒါတွေကို အရင်ကြည့်လာကြတယ်။ ဒီထဲမှာ အံဝင်ခွင်ကျဖြစ်နေတဲ့သူက သိပ်မသိသာပေမယ့် မဖြစ်တဲ့သူက သိပ်သိမ်ငယ်ရတယ်။

သူများက ပြိုင်ကားနဲ့ကျောင်းတက်တယ်။ ကိုယ်က ဘတ်စ်ကားနဲ့လာရတယ်။ သူများအဖေတွေ၊ အမေတွေက ရာထူးကြီး၊ ပိုက်ဆံချမ်းသာ၊ လူတကာအားကျရတဲ့သူတွေ။ ကိုယ့်အဖေအမေက သာမန်လူလတ်တန်းစား။ သူများတွေ သုံးကြစွဲကြ၊ ပျော်ကြရွှင်ကြတယ်။ Bar တွေသွားတယ်။ Club တွေသွားတယ်။ EDM ပွဲတွေတက်တယ်။ တော်ကြာနေ တစ်ယောက်နဲ့တွဲပြန်ပြီ၊ နောက်တစ်ယောက် ပြောင်းပြန်ပြီ။ ကိုယ့်မှာက ကြိုက်မယ့်လူ မရှိဘူး။ ရှိတော့လည်း သူက အဲဒီလူတွေလို မပြည့်စုံဘူး။ ဘယ်လိုရိုမန်းတစ်ဆန်ဆန်လေးတွေမှ မလုပ်ပေးနိုင်ဘူး။ ဒီလိုအခြေအနေမှာ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ဒီဖိအားတွေကို တွန်းလှန်ရတာ ခက်တယ်။

တကယ်တော့ လူတစ်ယောက်ရဲ့ တန်ဖိုး၊ လူဖြစ်ရခြင်းရဲ့ အနှစ်သာရဟာ ဒါတွေမဟုတ်ဘူး။ ကိုယ်ဖြတ်သန်းသွားတဲ့ ပတ်ဝန်းကျင်ကို ဘယ်လောက်ထိ လုပ်ပေးလိုက်နိုင်သလဲ၊ Contribution ဘယ်လောက် ရှိသလဲ ဆိုတာတွေကသာ အရေးကြီးတာ။ ဒါပေမယ့် လူငယ်တွေက ဒါကို သဘောမပေါက်သေးဘူး။ ခေတ်က ရုပ်ဝတ္ထုကို ဦးစားပေးလာတယ်။ တန်ဖိုးထားမှု (Core values) တွေ ပျောက်ဆုံးလာတယ်။ နာမည်ကြီးရင်ပြီးရော၊ ချမ်းသာရင်ပြီးရော ဖြစ်လာတယ်။ လူတွေရဲ့ Role model ဟာ ခရိုနီတွေဖြစ်လာတယ်။ စာရိတ္တတွေလည်း ပျက်ပြားလာတယ်။

နောက်ပြီး မိဘတွေကလည်း ရုပ်ဝတ္ထုနောက် လိုက်နေရတယ်။ ကိုယ့်သားသမီး ခေတ်နဲ့အညီ ၀တ်နိုင်စားနိုင်၊ ပညာသင်နိုင်အောင် အသည်းအသန် ကြိုးစားနေရတယ်။ ဒီတော့ ခေတ်သစ်မိသားစုပုံစံမှာ နွေးထွေးမှုတွေ နည်းလာတယ်။ တချို့မိသားစုတွေဆို တစ်ယောက်နဲ့တစ်ယောက် အေးအေးဆေးဆေး စကားပြောချိန်တောင် မရှိကြတော့ဘူး။ ဒီအနေအထားကလည်း ဆယ်ကျော်သက်တွေကို ပိုလို့ အထီးကျန်စေတယ်။ လမ်းမှားတစ်ခုကို ရောက်ဖို့ သိပ်လွယ်ကူစေပါတယ်။

၃။ လုံခြုံမှု မရှိခြင်း (Insecurity)

ရှေ့မှာပြောခဲ့သလို ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ခေတ်ကြီးထဲမှာ ဘယ်အလုပ်ကမှ အာမခံချက် မပေးနိုင်တော့ဘူး။ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတာ ကျန်ခဲ့ပြီ။ အမြဲကြိုးစားနေရတယ်။ ဖိအားဒဏ်တွေ ခံနေရတယ်။ ဘယ်နေ့ ဘာဖြစ်သွားမလဲ တွေးပူနေရတယ်။ ဒါက အလုပ်နဲ့ပတ်သက်တဲ့ မလုံခြုံမှု။ နောက်တစ်ခုက ဆက်ဆံရေး။ သူငယ်ချင်းတွေက သူဘာလဲ၊ ငါဘာလဲ ကြည့်ပေါင်းကြတယ်။ ရင်ဘတ်နဲ့ပေါင်းသူတွေ ရှားလာတယ်။ ခန္ဓာကိုယ်ဝနေသူ၊ ပိန်လွန်းသူ၊ ဘယ်ယောကျာ်းလေးကမှ စိတ်မ၀င်စားတဲ့ မိန်းကလေး၊ စသဖြင့် အားနည်းသူကို အထင်သေးတယ်၊ ကဲ့ရဲ့တယ်၊ အနိုင်ကျင့်တယ်၊ Bully လုပ်တယ်ဆိုတာမျိုးတွေ ရှိလာတယ်။ ချစ်သူရည်းစားတွေရဲ့ အချစ်ဆိုတာကလည်း ရုပ်ဝတ္ထုပေါ် အခြေခံလာတယ်။ သူများအထင်ကြီးဖို့က ပိုအရေးကြီးလာတယ်။ ဒီတော့ ကိုယ့်ထက်သာတာ တွေ့လိုက်တာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားဖို့ ၀န်မလေးကြဘူး။ သူ့ထက်သာတာ ထပ်တွေ့လည်း ထပ်ပြောင်းဦးမှာပဲ။ ဒီလိုတွေ ဖြစ်လာတယ်။ ဆိုလိုတာက စိတ်လုံခြုံမှုတွေ မရှိတော့ဘူး။

တစ်ဖက်မှာလည်း လူငယ်တွေကို စွဲဆောင်ထားတာတွေက တစ်ပုံတစ်ပင်။ အင်တာနက်စွဲတယ်၊ ဂိမ်းစွဲတယ်၊ အရက်စွဲတယ်၊ မူးယစ်ဆေးစွဲတယ်။ အင်တာနက်ကြီးပေါ်မှာ လူတွေအကြောင်း ကြားနေ၊ သိနေရပေမယ့် အထီးကျန်နေတယ်။ သူငယ်ချင်းတွေအများကြီး ရှိနေပေမယ့် လိုတဲ့အခါ အကူအညီတောင်းစရာ မရှိဘူး ဖြစ်နေတယ်။

ရလဒ်အနေနဲ့ ခုခေတ်လူတွေ၊ အထူးသဖြင့် ဆယ်ကျော်သက်တွေဟာ ကိုယ့်ဘ၀ကိုယ် မကျေနပ်ကြဘူး။ စိတ်ဖိစီးနေတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားမှုတွေ ပျောက်ဆုံးနေတယ်။ စိတ်ဓါတ်ကျမှုဆိုတာက လူငယ်တွေကြားထဲက အဓိကပြဿနာ ဖြစ်လာတယ်။ ပျော်နေတယ်တော့ ထင်ရပေမယ့် မပျော်ကြဘူး။ အန္တရာယ်မရှိဘူး ဆိုပေမယ့် စိတ်လုံခြုံမှုတွေ မရှိနေကြဘူး။ ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်လာတာ မှန်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်မှုတွေ ရှိလာတာလည်း ငြင်းမရဘူး။

ဒီအတွက် ဘာတွေ လိုလာသလဲ။ ရုပ်ဝတ္ထုချည်းပဲ တိုးတက်လို့ မရဘူး။ နှလုံးသားပါ ဖွံ့ဖြိုးဖို့ လိုလာတယ်။ သိပ္ပံပညာက တိုင်းပြည်ကို တိုးတက်စေတတယ်၊ ဒါပေမယ့် အနုပညာက လူတွေကို ပြည့်ဝစေလိမ့်မယ်။ ဒါကြောင့် အနုပညာထွန်းကားဖို့၊ ခံစားတတ်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့တွေ ကိုယ့်ဘ၀ရဲ့ တန်ဖိုးဟာ ဘာလဲ သိဖို့လိုလာတယ်။ ငါ ဘာကြောင့် လူ့လောကကြီးထဲ ရောက်လာသလဲ ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်ထားဖို့ အရေးကြီးလာတယ်။ ရပ်တည်ချက်တွေ ခိုင်မာဖို့ လိုလာတယ်။ ဒါမှသာ လက်ရှိခေတ်ကြီးကို အဓိပ္ပါယ်ပြည့်ဝစွာနဲ့၊ ပျော်ရွှင်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်တော့မှာ ဖြစ်ပါတယ်။

တကယ်တော့ လူတွေကို သူတို့ဖြတ်သန်းသွားတဲ့ ခေတ်ကြီးက အဓိက ပုံဖော်ပေးလိုက်တာပါ။ စစ်ဖြစ်တဲ့ခေတ်မှာ လူလားမြောက်ရတဲ့သူဟာ စစ်ကို သေမလောက် မုန်းသလိုပေါ့။ ဒါကြောင့်မို့ ဒီနေ့ခေတ်ရဲ့ ပြဿနာအများစုက ဒီနေ့ခေတ်မှာ အရွယ်ရောက်လာကြမယ့် လူငယ်တွေအပေါ်မှာ ကြီးကြီးမားမား လွှမ်းမိုးနေပါလိမ့်မယ်။ အထိုက်အလျောက် ရင့်ကျက်မှုရှိနေတဲ့ ကျွန်တော်တို့တွေ တွန်းလှန်ကောင်း တွန်းလှန်နိုင်ပေမယ့် ဆယ်ကျော်သက်လူငယ်တစ်ယောက်အနေနဲ့တော့ ခက်နိုင်ပါတယ်။ ကိုယ်ကျင့်တရားထက် ရုပ်ဝတ္ထုနောက်ကို လိုက်မိသွားနိုင်တယ်။ ကိုယ်တန်ဖိုးထားတဲ့အရာတွေထက် အလုပ်ဖြစ်ရင်ပြီးရော ဘာမဆိုလုပ်မယ် ဆိုတာမျိုးတွေ ခံယူမိသွားနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့တွေအနေနဲ့ သူတို့ကို ကူညီကြရမယ်။ စိတ်ခွန်အားတွေ ပေးကြရမယ်။ ပေါများနေတဲ့ သူတို့ရဲ့ စွမ်းအား (Energy) တွေကို သူတို့ဘ၀အတွက်၊ ပတ်ဝန်းကျင်အတွက် ကောင်းတဲ့ဘက်မှာ အသုံးချနိုင်အောင်လို့ လမ်းကြောင်းချပေးရပါမယ်။

နယူတန်စကားလေးကို ကိုးကားပါရစေ။ “တကယ်တော့ မျိုးဆက်တစ်ဆက်ဟာ နောက်မျိုးဆက်ကို သူ့ပခုံးပေါ်တက်ကြည့်ခွင့် ပေးနိုင်တော့မှ တာဝန်ကျေတယ်ခေါ်တာပါ။”

ဒေါက်တာ ဖြိုးသီဟ

၇.၉.၂၀၁၇ Daily Eleven သတင်းစာ

One thought on “လူငယ်နှင့် ခေတ်သစ်ပြဿနာ(၃)ရပ်

Comments are closed.

2K Shares