လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿနာများ

လက်ရှိကမ္ဘာ့လူဦးရေအရ အသက်(၂၄)နှစ်အောက် လူငယ်အရေအတွက်က (၄)ယောက်မှာ (၁)ယောက်နှုန်း ရှိနေပါတယ်။ တွေးကြည့်ရင် ဒါက လူဦးရေအဆင့်ပဲ ရှိပါသေးတယ်။ ဒီလောက်အင်နဲ့အားနဲ့ရှိနေတဲ့ လူငယ်တွေကို နိုင်ငံရဲ့အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ လူငယ်၊ အသိပညာအားနည်းတဲ့ လူငယ်၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက်ရှိနေတဲ့ လူငယ်တွေနဲ့တော့ ဘယ်လိုအနာဂတ်ကိုမှ တည်ဆောက်လို့ မရနိုင်ပါဘူး။

အဲဒီအတွက် လူငယ်တွေကို အဓိကအားဖြင့် 3 E လုပ်ပေးနိုင်ဖို့ လိုပါတယ်။

ဘာတွေလဲဆိုရင် နံပါတ်(၁) Educate ပညာသင်ပေးဖို့ လိုပါတယ်။ ပညာဆိုတာ အကောင်းအဆိုး၊ အကျိုးအပြစ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိလာအောင် လုပ်ပေးတဲ့အရာကို ခေါ်တာပါ။ ဒါသင် ဒါကျက် ဒါဖြေ၊ ပြီးရင် အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲအောင်ဖို့ဟာ ပညာရေးရဲ့ ရည်မှန်းချက်မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုး လူကြီးတွေမှာ ရှိဖို့ လိုအပ်ပါတယ်။

နံပါတ်(၂)ကတော့ Empower လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီခေတ်မှာ နည်းပညာက တအားတိုးတက်လာတဲ့အခါ အပြောင်းအလဲတွေ အများကြီး ဖြစ်လာတယ်။ လူငယ်စွန့်ဦးတီထွင်သူတွေလည်း ပေါ်ထွက်လာတယ်။ တကယ်ဆို သူတို့တွေက အတွေ့အကြုံ သိပ်မများလှဘူး။ အရင်ဖြေရှင်းနည်းအဟောင်းတွေကလည်း ဒီခေတ်မှာ လိုက်လုပ်ဖို့ သိပ်အံမ၀င်တော့ဘူးကိုး။ ဒါကြောင့် ပြောရရင် ဒီဘက်ခေတ်မှာ အောင်မြင်ဖို့အတွက် အတွေ့အကြုံထက် နည်းပညာအသုံးချနိုင်စွမ်း (Digital literacy) နဲ့ အပြောင်းအလဲမှာ လိုက်ပါနိုင်စွမ်း (Adaptability) တွေက ပိုပြီးအရေးပါလာခဲ့ပြီ။ ဒီအပိုင်းမှာ လူငယ်တွေဟာ အားသာချက်ကြီးကြီးမားမား ရှိတယ်။ သူတို့ဆီမှာ မရှိတာက တစ်ခုပဲ၊ အဲဒါ “လူကြီးတွေရဲ့ယုံကြည်မှု”။ ဒါကြောင့် တော်တဲ့လူငယ်တွေ၊ ကြိုးစားတဲ့လူငယ်တွေကို ယုံယုံကြည်ကြည် လုပ်ပိုင်ခွင့်ပေးကြဖို့ သိပ်အရေးကြီးပါတယ်။

နောက်ဆုံးတစ်ခုကတော့ Engage သူတို့အသံကို နားထောင်ရမယ်၊ သူတို့နဲ့ စကားပြောဖို့ လိုပါမယ်၊ ဒါမှပဲ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိမယ်။ လူကြီးတွေကပဲ ကောင်းမယ်ထင်သလို စီစဉ်လိုက်တဲ့အခါ လက်တွေ့လူငယ်တွေရင်ဆိုင်နေရတာနဲ့ လုပ်ပေးမှာတွေနဲ့က တခြားစီ ဖြစ်သွားတတ်တယ်။

ဒါဆို လက်ရှိလူငယ်တွေ ရင်ဆိုင်နေရတဲ့ပြဿနာ ဘာတွေရှိလဲ။ အဓိက(၃)ခုကို ဆွဲထုတ်ကြည့်လိုက်တယ်။

၁။ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်း နဲ့ လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း (Teenage pregnancy) ဆိုတာ ကျွန်တော်တို့လိုနိုင်ငံမှာတော့ မမြင်ချင်မှအဆုံးပါပဲ။ ဒီလိုအန္တရာယ်များလှတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းအလုပ်ကို ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ လုပ်နေကြတာ အင်မတန်စိုးရိမ်စရာ ကောင်းပါတယ်။ အဲဒီကနေ မလိုချင်လို့ ကိုယ်ဝန်ဖျက်ချရင်း အသက်ဆုံးပါးရတာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးလိုက်ရတဲ့အခါ ပညာရေးနဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ကုန်တယ်။ ကြာတော့ ၀င်ငွေကိုပါ ထိလာတယ်။ မိသားစု စားဝတ်နေရေးပါ အဆင်မပြေတော့ဘူး။

နောက်တစ်ခုကတော့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုး၊ အဓိကအားဖြင့်တော့ HIV ပိုးပေါ့။ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက်လူငယ် (၂)သန်းကျော်ဟာ HIV ပိုး ကူးစက်ခံထားရသတဲ့။ ဘယ်လောက်ရင်နာစရာ ကောင်းလိုက်ပါသလဲ။ အညွှန့်တလူလူ၊ တက်ကြွမှုအပြည့်နဲ့ ရှိနေရမယ့် လူငယ်ဘ၀ဟာ ခုတော့ ကူးစက်ရောဂါတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ဒါတွေဟာ ဘာကြောင့်လဲ ပြန်စဉ်းစားကြည့်တော့ လူငယ်တွေကို မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာပေးမထားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါတွေသိသွားရင် မဟုတ်တာတွေ လျှောက်လုပ်ကုန်လိမ့်မယ် အထင်နဲ့ မဖတ်ရဘူး၊ မမေးရဘူး၊ မပြောရဘူး ဆိုပြီး ပိတ်ပင်ထားခဲ့တဲ့အခါမှာ လူငယ်တွေဟာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်းတောင် မသိတော့ဘူး ဖြစ်ကုန်တယ်။ လူငယ်ပီပီ လက်တည့်စမ်းကြတဲ့အခါ၊ စိတ်ကိုအလိုလိုက်၊ အချစ်ကိုကိုးကွယ်၊ အတုယူမှားကြတဲ့အခါတွေမှာတော့ ခုလိုမလိုလားအပ်တဲ့နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာရတော့တာပါပဲ။ ဒါကြောင့် တစ်နေ့ မလွဲမသွေ ကြုံလာရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်စွမ်းရှိအောင် လုံလောက်တဲ့ အသိပညာတွေ ပေးလိုက်ဖို့ လိုပါတယ်။

၂။ အရက်နဲ့မူးယစ်ဆေး

မြန်မာတစ်နိုင်ငံလုံးကို ကြည့်လိုက်ပါ။ စာကြည့်တိုက်သွားချင်လို့ပါ ဆိုရင် တော်တော်ကို မေးယူရမှာ ဖြစ်ပြီး ဘီယာဆိုင်၊ အရက်ဆိုင်တွေကတော့ လက်ညှိုးထိုးမလွဲ ရှိနေတာကို တွေ့ရမှာပါ။ အဲဒီဘီယာဆိုင်၊ အရက်ဆိုင်တွေမှာလည်း ဘယ်တော့မှ လူပြတ်တယ်မရှိဘဲ လူငယ်တွေ အဓိကနားခိုရာ၊ စုဝေးရာနေရာတစ်ခု ဖြစ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ခုချိန်ထိလည်း အရက်နဲ့ပတ်သက်ပြီး အသက်ကန့်သတ်ဖို့၊ အခွန်တိုးမြှင့်ကောက်ဖို့၊ စသဖြင့် ဆောင်ရွက်နေတာတွေ မကြားမိသေးပါဘူး။ ဒီလောက်ဈေးသက်သာပြီး လက်လှမ်းမီနေတဲ့ အနေအထားတစ်ရပ်ကို ထိန်းချုပ်ပေးနိုင်ဖို့ လိုပါတယ်။

နောက်တစ်ခုက မူးယစ်ဆေး။ ဒါကလည်း ကျွန်တော်တို့မြန်မာလူငယ်တွေကို တော်တော်လေး ဒုက္ခပေးနေတဲ့ ပြဿနာတစ်ရပ်ပါ။ ခုနောက်ပိုင်းကြားရတဲ့ လူငယ်တွေ ရာဇ၀တ်မှုကျူးလွန်ကြတယ် ဆိုတဲ့သတင်းတွေမှာ အများစုက ဒီလိုမူးယစ်ဆေးဝါးတစ်မျိုးမျိုးကို သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။ ဒီအခါမှာ အသိစိတ်ကင်းမဲ့ကုန်တယ်၊ လုပ်သင့်၊ မလုပ်သင့် မသိတော့ဘူး။ အဲ့ဒီလို ရာဇ၀တ်မှု ကျူးလွန်တာတွေအပြင် ဒီအရက်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အကြမ်းဖက်မှုတွေဖြစ်တာ၊ ယာဉ်အန္တရာယ် ဖြစ်ပြီး အသက်ဆုံးရှုံးရတာ စတဲ့ နောက်ဆက်တွဲပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူငယ်တွေအတွက် အဓိကဒုက္ခပေးနေတဲ့ အရက်နဲ့မူးယစ်ဆေးဝါးကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ပေးနိုင်ဖို့ လိုပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဒီကိစ္စကလည်း ရှေ့မှာပြောခဲ့တဲ့(၂)ခုလို မြင်သာထင်သာ သိပ်မရှိပေမယ့် လူငယ်တွေ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေ ရှိလာတဲ့အခါမှာ ထွက်ပေါက်ပေးတဲ့အနေနဲ့ မူးယစ်ဆေးဝါးတွေ စွဲမယ်၊ အရက်သောက်မယ်၊ စသဖြင့် မဟုတ်တဲ့နည်းလမ်းတွေ သုံးလာကြတယ်။

ဘာတွေကြောင့် လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရသလဲ။

မိဘကပေးတဲ့ ပြဿနာတွေရှိပါတယ်။ တွေ့ရှိချက်တွေအရ ကလေးဘ၀မှာ အိမ်တွင်းအကြမ်းဖက်မှု (Domestic violence) နဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့သူတွေဟာ ကြီးလာတဲ့အခါ အဲဒီလို အကြမ်းဖက်မှုမျိုးကို ပိုပြီး ကျူးလွန်တတ်ကြသတဲ့။ အရက်မူးပြီး ပြန်လာတဲ့အဖေက အမေ့ကိုရိုက်မယ်၊ စီးပွါးရေးအဆင်မပြေတော့ အဖေနဲ့အမေက နေ့တိုင်းရန်ဖြစ်မယ်၊ ဆဲဆိုနေကြမယ်၊ သူ့အတွက် ရိုက်တာ၊ နှက်တာ၊ ဆဲတာ၊ ဆိုတာတွေက မထူးဆန်းတော့သလို ဖြစ်လာတဲ့အခါ သူ့အလှည့်ကျတော့လည်း ထစ်ခနဲဆို လက်ပါမယ်၊ ပိုဆိုးလာရင် ကတ်ကြေးနဲ့ထိုး၊ ဓါးနဲ့ထိုး လုပ်လာတော့မယ်။ ဒါက မိဘက ပေးလိုက်တဲ့ ပြဿနာတစ်ခု။

နောက်တစ်ခုကတော့ မိဘကပေးတဲ့ ဖိအား။ ကျောင်းမှာ စာတော်စေချင်၊ အမှတ်ကောင်းစေချင်တော့ စာချည်းပဲ ဖိကျက်ခိုင်းတယ်။ ကစားချိန်၊ နားချိန်၊ အပြင်စာဖတ်ချိန်မပေးဘူး။ အချိန်တန်လို့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တက်တဲ့အခါမှာလည်း မိဘအလိုကျပဲ၊ ဒီအခါ ၀ါသနာမပါတဲ့ ပညာကို သင်ရတယ်၊ ၀ါသနာမပါတဲ့ အလုပ်ကို လုပ်ရတယ်။ အလုပ်မှာ မပျော်ဘူး၊ စိတ်ဖိစီးတယ်၊ အဲဒီစိတ်ဖိစီးမှုတွေကို တခြားနေရာမှာ ထွက်ပေါက်ပေးလိုက်တော့တယ်။

နောက်တစ်ခုက ရုပ်ဝတ္ထုကိုးကွယ်ခြင်း (Materialism) ကြောင့်ပါ။ ခေတ်က သိပ်မြန်လာတယ်၊ အပြိုင်အဆိုင်များလာတယ်၊ ဒီကြားထဲ အသစ်အဆန်းတွေက တစ်မျိုးပြီးတစ်မျိုး ပေါ်နေတယ်။ ဒါတွေကို လိုချင်တယ်၊ ရရင် ကြွားဝါချင်တယ်။ အဲဒီစိတ်တွေက လူငယ်တွေရဲ့ ရိုးသားမှုကို တိုက်စားပစ်တယ်။ အရည်အချင်းဆိုတာထက် အပြင်မှာမြင်နေရတဲ့ အပြင်အဆင်ကို ပိုဦးစားပေးလာကြတယ်။ နာမည်ကြီးရင် ပြီးရော ဘာမဆို လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။

လူဟာ ဦးနှောက်တစ်ခုတည်း ကွက်ကောင်းနေလို့ မရပါဘူး။ နှလုံးသားလည်း လှဖို့လိုတယ်။ ခံယူချက်တွေမှန်ဖို့ လိုတယ်။ ဒီအတွက် မိဘတွေရဲ့ အခန်းကဏ္ဍ အရေးကြီးပါတယ်။ ကိုယ့်ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေက သားသမီးတွေကို အမွေဆိုး ပေးလိုက်သလို မဖြစ်စေဖို့ သတိထားကြစေချင်တယ်။

လူငယ်တွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့ (Self-regulation ရှိဖို့) လိုပါတယ်။ လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်ပါ။ နေရာတိုင်းမှာ သူများနဲ့သွားတိုင်းနေခြင်းက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာနဲ့ အတူတူပါပဲ။ တတ်နိုင်တဲ့သူက နောက်ဆုံးပေါ်ဖုန်းကို ကိုင်နိုင်လို့ လိုက်အားမကျပါနဲ့။ သူတို့က ဘယ်လိုကားတွေစီးနေတာဆိုပြီးလည်း သိမ်ငယ်မနေပါနဲ့။ အဲဒီအစား ကိုယ့်ပညာရေးမှာ ကြိုးစားပါ၊ အလုပ်မှာ တော်အောင်လုပ်ပါ။ ငွေကြေးမတတ်နိုင်သေးတဲ့အချိန်မှာ လိုအပ်တာ (Needs) နဲ့ လိုချင်တာ (Want) ကို ခွဲခြားပါ။

ဆင်းရဲတဲ့မိဘကနေ မွေးလာတာချင်းအတူတူ တစ်ချို့က စိတ်ထွက်ပေါက်ပေးရင်း လူဆိုးလူမိုက်တွေ ဖြစ်လာကြတယ်။ တစ်ချို့ကျ ဆင်းရဲတဲ့ဘ၀ကနေလွတ်ဖို့ ငါပညာတတ်မှဖြစ်မယ်ဆိုပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ၊ သူဌေးကြီးတွေ ဖြစ်လာကြတယ်။

ဘာကွာခြားသွားတာလဲ။

အဓိကကတော့ ဘ၀အပေါ်ထားတဲ့ ခံယူချက် (Attitude to life) ကြောင့်ပါပဲ။

ဒီလို လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်ပါတယ်။ အစိုးရပိုင်းက တာဝန်ယူရမှာတွေ ရှိပါတယ်။ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့အစည်းတွေဘက်က လုပ်ရမှာတွေလည်း ရှိပါတယ်။ မိဘတွေကိုလည်း လိုအပ်သလို၊ လူငယ်တွေကိုယ်တိုင်ကလည်း ခံယူချက်မှန်မှန်၊ အသိပညာရှိရှိနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။

ဒေါက်တာဖြိုးသီဟ

(၂၉.၉.၂၀၁၆)

Leave a Reply

Your email address will not be published. Required fields are marked *

28 Shares
Share28
Tweet
+1
Share