အဓမ္မကျင့်ခံရသူတစ်ယောက်အတွက် လိုအပ်ချက်များ - ဒေါက်တာ ဖြိုးသီဟ

အဓမ္မကျင့်ခံရသူတစ်ယောက်အတွက် လိုအပ်ချက်များ

၁။ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ဆိုတာ ဘာလဲ

Sexual assault ဆိုတာ လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အလိုမတူဘဲ ကိုင်တွယ်ခြင်း၊ အကြမ်းဖက်ခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်မှုကတော့ ဒီခေါင်းစဉ်အောက်မှာ အကြုံးဝင်တဲ့ကိစ္စတစ်ခု ဖြစ်ပြီးတော့ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။

အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စပါ။ ဒီဆောင်းပါးမှာတော့ မိန်းကလေးအတွက် ဦးစားပေးရေးသွားမှာ ဖြစ်ပါတယ်။ ကလေးနဲ့ ယောကျာ်းလေးတွေအတွက်တော့ သပ်သပ်ထပ်ရေးပါမယ်။

၂။ အဓမ္မပြုကျင့်မှုတွေ ဘာကြောင့်ဖြစ်ရသလဲ။

အဓိကအကြောင်းရင်း(၃)ခုရှိပါတယ်။

၁။ ကျားမခွဲခြားဆက်ဆံခြင်း

၂။ ပါဝါအလွဲသုံးစားလုပ်ခြင်း

၃။ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း တို့ဖြစ်ပါတယ်။

မိန်းကလေးကို အနိုင်ကျင့်စရာ လို့မြင်တယ်။ အမှုတစ်ခုဖြစ်လာရင်လည်း မိန်းမတွေက ဒီလိုဝတ်စားထားလို့၊ ညဘက်ကြီး အပြင်ထွက်လို့ ဆိုတာမျိုး အပြစ်တင်တယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ခွန်အား စသဖြင့် ပါဝါပိုကြီးနေတာကို တလွဲအသုံးချတယ်။ နောက်ပြီး လူ့အခွင့်အရေးဆိုတာကို မနေ့တစ်နေ့ကမှ ပြောလို့ရလာတဲ့ တိုင်းပြည်ဖြစ်လေတော့ ကိုယ့်ကိုယ်ကိုယ်လည်း လူလို့မခံစားရဘူး၊ သူများတွေကိုလည်း လူလို့မလေးစားပေးမိဘူး။ တစ်ယောက်ယောက်က ကိုယ့်အခွင့်အရေး ချိုးဖောက်လာရင်လည်း ခံနေမိတတ်သလို၊ သူတစ်ပါးအခွင့်အရေးကိုလည်း ထမင်းစားရေသောက်ရသလို လွယ်လွယ်နဲ့ချိုးဖောက်ပစ်တတ်ကြတယ်။

အဲဒီအဓိကကျတဲ့ အကြောင်းရင်း(၃)ခုကို ဆင်းရဲမွဲတေခြင်း၊ အသိပညာအားနည်းခြင်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း၊ ပဋိပက္ခဖြစ်ပွါးနေခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အရက်သေစာနဲ့ မူးယစ်ဆေးများ ပေါများခြင်း စတဲ့အချက်တွေက ထပ်ဆင့်ပံ့ပိုးပေးပါတယ်။

ဒီအချက်တွေများများစားစား ရှိနေတဲ့ တိုင်းပြည်မှာ အဓမ္မပြုကျင့်မှုတွေလည်း မြောက်များစွာဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ဒီအမှုတွေ နည်းပါးသွားအောင် ကာကွယ်ချင်ရင် ခုပြောခဲ့တဲ့အချက်တွေ နည်းနိုင်သမျှနည်းအောင် လုပ်ကြဖို့ လိုပါတယ်။ လိုအပ်တာမှန်ပေမယ့် ဥပဒေပြဌာန်းရုံနဲ့ ပြီးမသွားပါဘူး။ ဒါမျိုးအနေအထား ဖြစ်လာဖို့ဆိုတာကလည်း လတ်တလောအနေနဲ့တော့ အိပ်မက်သာသာပါပဲ။

၃။ အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနိုင်သလဲ။

(က) ရုပ်ပိုင်းဆိုင်ရာ
(ခ) စိတ်ပိုင်းဆိုင်ရာ
(ဂ) လူမှုရေးပိုင်းဆိုင်ရာ
(ဃ) တရားဥပဒေနှင့် လုံခြုံရေးလိုအပ်ချက်များ ရှိနေနိုင်ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းပါမယ်။

(က) ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

အဓမ္မကျင့်ခံရတာ ဖြစ်တဲ့အတွက် လူခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကုသပေးရမယ်။ နောက်ပြီး လိုအပ်ရင် မေးခိုင်ကာကွယ်ဆေး ထိုးပေးရမယ်။

အရေးကြီးဆုံးကတော့ လိင်ဆက်ဆံမှုရှိခဲ့ရင် အဲဒီရဲ့နောက်ဆက်တွဲပြဿနာနှစ်ခု ဖြစ်တဲ့ ကိုယ်ဝန်နှင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင် ကာကွယ်ပေးဖို့ပါပဲ။ ဒီနေရာမှာ အချိန်အရေးကြီးလာပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးရင် အရေးပေါ်ကိုယ်ဝန်တားဆေးကို လိင်ဆက်ဆံအပြီး (၅)ရက်အတွင်း သောက်ဖို့ လိုပါတယ်။ စောစောသောက်လေ ပိုအာနိသင်ရှိလေပါပဲ။ HIV ပိုးမကူးစက်အောင် သောက်လို့ရတဲ့ဆေးဆိုလည်း ဖြစ်ပြီး(၃)ရက်အတွင်း သောက်ရပါတယ်။

စဉ်းစားကြည့်ပါ၊ မိန်းကလေးတစ်ယောက်ဟာ အဓမ္မပြုကျင့်မှုတစ်ခု ကြုံလိုက်ရပြီဆို အချိန်ဘယ်လောက်ကြာတဲ့အခါ ဖွင့်ပြောမယ် ထင်ပါသလဲ။ လုံးဝဖွင့်မပြောဘဲ ကိုယ်ဝန်ပေါ်လာမှ ပြောကြတယ်၊ လအတော်ကြာမှ ပြောကြတယ်၊ ဘာလို့ဆိုတော့ အပြစ်တင်ခံရမှာ ကြောက်တယ်။ လူသိမှာ၊ အရှက်ကွဲမှာ၊ မိဘတွေ အရှက်ရမှာ ကြောက်တယ်။ ဒီအခါမှာ မလိုချင်ဘဲနဲ့ ကိုယ်ဝန်တွေရကြတယ်။

ဒါကြောင့် ဒီလိုရုပ်ပိုင်းဆိုင်ရာအရ ပြုစုစောင့်ရှောက်မှုပေးခြင်းဟာ ဆရာဝန်၊ ဆရာမတွေနဲ့လည်း သက်ဆိုင်သလို၊ လူထုနဲ့လည်း သက်ဆိုင်ပါတယ်။ မိန်းကလေးတွေ စောစောဖွင့်ပြောလာအောင် သူတို့ကိုယ်တိုင်က ဒီလိုဗဟုသုတ ရှိရမယ်။ မိဘနဲ့၊ မိသားစုနဲ့ ပွင့်လင်းတဲ့ဆက်ဆံရေးမျိုး ရှိနေဖို့ လိုတယ်။ (မြန်မာကားတွေထဲကလို) ဘာအပြစ်မှ လုပ်မထားတဲ့ သမီးကြောင့် အရှက်ရတယ်ဆိုတာမျိုး၊ သတ်သေမယ်ဆိုတာမျိုး၊ ဒီမှာ မနေ၀ံ့တော့လို့ ပြောင်းပြေးမယ် ဆိုတာမျိုး မလုပ်ဘဲ သမီးဖြစ်သူဘက်က ရပ်တည်ပေးကြဖို့ လိုတယ်။ နောက်ပြီး အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်လာတိုင်းမှာ ခံရသူကို အပြစ်တင်တဲ့ အလေ့အထ၊ ညှိနှိုင်းလိုက်ရင် ပြီးတာပဲ၊ အကျယ်အကျယ် လုပ်နေတယ် ဆိုတဲ့ အလေ့အထ၊ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့လိုက်ရသူကို အထင်သေးတဲ့ အလေ့အထ၊ ကာလသားတွေက ဒီကောင်မလေး အပျိုမဟုတ်တော့ပါဘူး ဆိုပြီး ယိသဲ့သဲ့လုပ်တဲ့ အလေ့အထ၊ ဒါတွေကို ရပ်တန့်ပေးကြဖို့လည်း လိုပါတယ်။

(ခ) စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

အားငယ်နေမယ်၊ မြင်မြင်သမျှ ကြောက်ရွံ့နေမယ်၊ စိတ်ဓါတ်ကျနေမယ်၊ တုန်လှုပ်နေမယ်၊ တချို့လည်း ဒေါသထွက်နေမယ်၊ လက်စားချေဖို့ စိတ်ကူးနေမယ်၊ မျိုးစုံဖြစ်နိုင်ပါတယ်။ ဒါတွေ ပုံမှန်ပြန်ဖြစ်ဖို့ ဆိုတာကလည်း အချိန်ယူရပါတယ်။ စိတ်ရှည်ရပါတယ်။ မိသားစုကလည်း ဖေးမပေးရမယ်။ အမှန်တော့ ဒါဟာ လျှို့ဝှက်ထားရမယ့် ကိစ္စဆိုပေမယ့် ရွာတွေမှာက သတင်းပြန့်လွယ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်ကလည်း ဒီမိန်းကလေးကို လေးလေးစားစား ဆက်ဆံပေးဖို့၊ ဖေးမပေးကြဖို့ သိပ်အရေးကြီးပါတယ်။ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှုပေးသူတွေအနေနဲ့လည်း စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးနိုင်ဖို့ လိုပါတယ်။

(ဂ) လူမှုရေးပိုင်းဆိုင်ရာ လိုအပ်ချက်များ

များသောအားဖြင့် အဓမ္မပြုကျင့်မှုတွေဟာ ထိလွယ်ခိုက်လွယ်တဲ့ လူအုပ်စုတွေ (Vulnerable group) မှာ ပိုအဖြစ်များပါတယ်။ ဆင်းရဲတယ်၊ ပညာမတတ်ဘူး၊ လူနေမှုအဆင့်အတန်း နိမ့်ကျတယ်၊ ပဋိပက္ခတွေဖြစ်ပြီး Social instability ဖြစ်နေမယ်၊ ဒီလိုအနေအထားတွေမှာ ပိုပြီး အဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဓမ္မပြုကျင့်ခံလိုက်ရပြီး ဒီလိုအနေအထားမှာပဲ ဆက်ထားဦးမယ်ဆိုရင် သေချာသလောက် ရှိတာက ဒါမျိုးထပ်ဖြစ်ဦးမှာပါပဲ။ ဒါကြောင့် သူ့ကို လုံခြုံစိတ်ချရတဲ့ အမျိုးသမီးဂေဟာတခုခုဆီ ပို့ပေးတာမျိုး၊ မိသားစုဝင်တယောက်ယောက်က လက်ခံစောင့်ရှောက်ပေးတာမျိုး လိုအပ်ရင်လုပ်ပေးဖို့ လိုပါတယ်။

(ဃ) တရားဥပဒေနှင့် လုံခြုံရေးလိုအပ်ချက်များ

တရားဥပဒေဆိုတာ ကြောက်စရာ မဟုတ်ပါဘူး၊ လူတွေကို ကာကွယ်ပေးဖို့ပါ တဲ့။ ပြစ်မှုတစ်ခုကျူးလွန်ပြီဆိုတာ သေချာတာနဲ့ အဲဒါနဲ့ထိုက်တန်တဲ့ပြစ်ဒဏ်မျိုးကို ထိထိရောက်ရောက် ပေးနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း ပြည်သူ့ဘ၀တွေ လုံခြုံမှာ ဖြစ်ပါတယ်။ နောက်ပြီး ထောင်ကျသွားတဲ့ တရားခံက လွတ်လာတဲ့အခါ ကာယကံရှင်ကို ရန်ပြန်ရှာတာမျိုး၊ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးတွေ ရှိလာခဲ့ရင်လည်း ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ရဲတပ်ဖွဲ့ကနေ လုံခြုံရေးပိုင်းဆိုင်ရာကာကွယ်မှုတွေ လုပ်ပေးနိုင်ဖို့ လိုပါတယ်။

၎။ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

ဒီလိုအမှုအခင်းတွေ လျော့နည်းပပျောက်သွားဖို့၊ ဖြစ်လာခဲ့ရင်လည်း နောက်ဆက်တွဲပြဿနာတွေ မကြုံရဖို့ဆိုရင် ကျားမခွဲခြားဆက်ဆံမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိတော့ဖို့ လိုပါတယ်။

မိန်းကလေးတွေကိုယ်တိုင်မှာ ဒီလိုအသိပညာတွေ ရှိဖို့လိုတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ကလည်း ဖေးမပေးဖို့၊ အပြစ်မတင်ဖို့ လိုတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ထိရောက်တဲ့ ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်ဖို့ လိုတယ်။

အစိုးရပိုင်းအနေနဲ့တော့ လိုအပ်တဲ့ဥပဒေတွေ ပြဌာန်းဖို့၊ ပြဌာန်းလိုက်တဲ့ ဥပဒေတွေကလည်း တကယ်အသက်ဝင်နေဖို့ လုပ်ပေးရပါမယ်။ ဒီလိုအမှုအခင်းတွေဟာ ထိလွယ်ခိုက်လွယ်တဲ့ လူအုပ်စုမှာ ပိုအဖြစ်များကြောင်း ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုရှိအောင် လုပ်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ လူနေမှုအဆင့်အတန်းတွေ နိမ့်ကျနေရင်၊ အလုပ်လက်မဲ့တွေ ဖြစ်နေရင်၊ အသိပညာတွေ အားနည်းနေရင်၊ အရက်နဲ့မူးယစ်ဆေးဝါးက ပြည်သူတွေရဲ့ အဓိကစိတ်ထွက်ပေါက်ဖြစ်နေရင်၊ ဒါမျိုးအမှုအခင်းတွေ ဆက်ဖြစ်နေဦးမှာပါပဲ။ ဒါကြောင့် ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးခြင်းနဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ခြင်း ဆိုတဲ့ အကာအကွယ်မျိုးတွေ ပေးနိုင်ဖို့ လိုပါတယ်။

ဒေါက်တာဖြိုးသီဟ
၁၉.၁၁.၂၀၁၆

Leave a Reply

Your email address will not be published. Required fields are marked *

3 Shares