“အရှုံးမပေးနဲ့ ငှက်ငယ် - ဒေါက်တာ ဖြိုးသီဟ

“အရှုံးမပေးနဲ့ ငှက်ငယ်

မြန်မာ့ရုပ်ရှင်ပရိသတ်တစ်ဦးပါလို့ ပြောရင် ရယ်ကြမလားပဲ။ ဟုတ်ပါတယ်၊ စွဲစွဲမြဲမြဲ ကြည့်ဖြစ်တာမျိုးတော့ မရှိပေမဲ့ ရုပ်သံတွေမှာ လွှင့်တာနဲ့ကြုံရင်တော့ မကြာခဏ ကြည့်လေ့ရှိတယ်။ အဲ့လိုကြည့်လိုက်တိုင်းလည်း လွဲချော်တာ၊ ဝေဖန်စရာတခုခုက ပါနေတတ်စမြဲပဲလေ။ ကြာတော့ ကိုရီးယားကားတွေမှာ ကုန်းပိုးတဲ့အခန်း အမြဲပါလေ့ရှိသလိုမျိုး အဲဒီလိုအလွဲတွေက မြန်မာဇာတ်ကားများရဲ့ သရုပ်တစ်ခုလိုတောင် ဖြစ်လာတယ်။

တကယ်တော့ သူတို့မှာလည်း ခက်ခဲမှုတွေ ရှိပါတယ်။ ဈေးကွက်က မရှိတော့ အမြတ်အစွန်းနည်းတယ်၊ ဒီတော့ ငွေကြေးစိုက်ထုတ်မှုကလည်း နည်းတယ်။ သိပ်အကုန်အကျမခံနိုင်ဘူး။ သူများဇာတ်ဆောင်တွေလို အချိန်ယူပြင်ဆင်တာမျိုးတွေလည်း မလုပ်နိုင်တော့ဘူး။ သင်တန်းကျောင်း၊ ပစ္စည်းကိရိယာ၊ နည်းပညာပိုင်း၊ ဒီလိုပံ့ပိုးမှုတွေကလည်း အားနည်းသေးတယ်။

ဒါပေမဲ့ အကုန်အကျခံနိုင်တော့မှ၊ အထူးအဆန်းတွေ ရိုက်ပြနိုင်တော့မှ ကမ္ဘာကိုထိုးဖောက်နိုင်တော့မှာလား။ အနီးစပ်ဆုံး အိန္ဒိယဇာတ်ကားတွေနဲ့ ဥပမာပေးမယ်။ လက်ရှိကမ္ဘာမှာ နာမည်ကြီးသွားတဲ့ ဇာတ်ကားတွေ၊ Slumdorg Millionaire၊ Every child is special၊ PK၊ Three idiots၊ ဒီလိုဇာတ်ကားတွေဟာ ငွေကုန်ကြေးကျအများကြီးခံ၊ နည်းပညာတွေအသုံးပြုပြီး ထူးထူးဆန်းဆန်းတွေ စိတ်ကူးယဉ်ရိုက်ထားတာ မဟုတ်ဘူး။ တကယ့်ဘ၀အစစ်အမှန်တွေကို ရိုးရိုးလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားတွေပါ။

ဒါကြောင့် မြန်မာ့ရုပ်ရှင်တိုးတက်ဖို့အတွက် အဓိကလိုအပ်နေတာ ဘာလဲဆိုရင် လွတ်လပ်တဲ့အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ အဲဒါဟာ လွတ်လပ်ရေးကို တစ်နှစ်ပဲခြားပြီး ရခဲ့ကြတာဆိုပေမဲ့ ခုချိန်မှာ မြန်မာ့ရုပ်ရှင်နဲ့ ဘောလီးဝုဒ်၊ နောက်ပြီး မြန်မာနိုင်ငံနဲ့ အိန္ဒိယကို အဓိက ခြားနားစေခဲ့တဲ့အရာတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဒီမိုကရေစီ တည်တံ့ခဲ့ခြင်းရဲ့ အသီးအပွင့်တစ်ခုပေါ့လေ။

တကယ်တော့ ရုပ်ရှင်အနုပညာမှာမှမဟုတ်ဘူး။ နိုင်ငံရဲ့ အခန်းကဏ္ဍ တော်တော်များများမှာ အားနည်းမှုတွေ ရှိနေတာပါ။ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး အားလုံးပေါ့။

အောက်ကပုံလေးက နှစ်ဆန်းတစ်ရက်နေ့မှာ ငှက်လွှတ်တော့ လှောင်အိမ်ထဲအကြာကြီးထည့်ခံထားရတဲ့ ငှက်လေးဟာ အတောင်ပံတွေချည့်နဲ့လို့ ကောင်းကောင်းမပျံသန်းနိုင်တော့ဘဲ သစ်ရွက်လေးတစ်ရွက်ပေါ် နားနေရတာကို ရိုက်ထားလိုက်တဲ့ပုံလေးပါ။

အဲ့ဒီငှက်လေးရဲ့အဖြစ်က ကျွန်တော်တို့တွေကို သတိပေးနေသလိုပဲ။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်အောက်မှာ အလုံပိတ်ခံထားရပြီးတဲ့နောက်မှာ ကျွန်တ်ာတို့တွေလည်း သူ့လိုပဲ ဖြစ်ကုန်ပါတယ်။

** ပညာတွေ ချည့်နဲ့ကုန်တယ် **

စာမတတ်သူ ပပျောက်ရေး ဆိုပြီး တစ်ချိန်က လုပ်ခဲ့ကြတယ်။ စာတတ်မြောက်မှုနှုန်း ဘယ်လောက်ဆိုပြီးလည်း ဂုဏ်ယူခဲ့ကြဖူးတယ်။ ခုခေတ်မှာတော့ နောက်ထပ် Literacy နှစ်ခု ထပ်တိုးလာတယ်။ Global literacy နဲ့ Digital literacy။ နိုင်ငံတကာဘာသာစကား ကျွမ်းကျင်မှုနဲ့ နည်းပညာအသုံးပြုနိုင်မှု။ ဒီနှစ်ခုလည်း ပိုင်ဆိုင်တော့မှ အဲဒီလူကို စာတတ်တယ်လို့ ခေါ်နိုင်တဲ့ခေတ် ရောက်နေပြီ။ အဲဒီသတ်မှတ်ချက်နဲ့သာဆို စာတတ်မြောက်မှုနှုန်း ဘယ်လောက်ထိ ကျသွားမလဲ။ တတ်ကျွမ်းသူတချို့ ရှိနေတဲ့တိုင်အောင် လူများစုက ချည့်နဲ့နေတုန်းဆိုတာတော့ ငြင်းမရကြဘူး။

** အတွေးအခေါ်တွေ ချည့်နဲ့ကုန်တယ် **

ငယ်ငယ်ကတည်းက လူကြီးစကားနားထောင်မှ လိမ္မာတယ်ဆိုပြီး ပျိုးထောင်ခံခဲ့ရတယ်၊ ဒါသင် ဒါကျက် ဒါဖြေ ပညာရေးစနစ်ကို ဖြတ်ကျော်ခဲ့ရတယ်၊ အဲဒီအခါမှာ လွတ်လွတ်လပ်လပ် တွေးခေါ်တယ်ဆိုတာ မရှိသလောက် ရှားလာတယ်။ အချိန်တန် လုပ်ငန်းခွင်ထဲရောက်တဲ့အခါ လူကြီးက ဘာခိုင်းမလဲ၊ ခိုင်းတာကို စောင့်ပြီး ခိုင်းတဲ့အတိုင်း လုပ်ဖို့ပဲ အားသန်နေကြတော့တယ်။

** အမြင်တွေ ချည့်နဲု့ကုန်တယ် **

ရုံးလေးတစ်ခုမှာ မန်နေဂျာလောက် နေရာရရင်ကို ဘ၀င်တွေမြင့်၊ အောက်ခြေတွေလွတ်ပြီး အောက်ကလူတွေကို နှိမ့်နှိမ့်ချချ ဆက်ဆံလာကြတယ်။ ဖုန်းတွေ၊ ကားတွေပေါလာတာကို တိုးတက်မှုကြီးအဖြစ် မြင်သူတွေလည်း မနည်းခဲ့ဘူး။

** ဆင်ခြင်နိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **

ဖေ့စ်ဘွတ်မှာပဲ ကြည့်ပါ။ တိုက်ပေးရင် ရန်ဖြစ်တယ်။ သွေးထိုးရင် သွေးကြွတယ်။ ပြောသမျှ ယုံတယ်။ မြင်သမျှကို အဟုတ်ထင်တယ်။

** သည်းခံနိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **

ကိုယ်ကိုးကွယ်တဲ့ဘာသာမှ အကောင်းဆုံးလို့ထင်တယ်၊ သူတစ်ပါးဘာသာကို ပုပ်ခတ်တယ်။ နိုင်ငံရေးမှာဆိုလည်း ဒီပါတီ၊ ဟိုပါတီမှ၊ ဒီလူမှ၊ ဟိုလူမှ အားပေးတယ်၊ ထောက်ခံတယ်။ ငါနဲ့မတူ ငါ့ရန်သူ ဆိုတာချည်းပဲ။ မတူညီမှုဆိုတာကို ရန်သူလို၊ ပြိုင်ဘက်လို သဘောထားပြီး အနိုင်ယူတယ်၊ ဆဲဆိုတယ်။ လေးစားမှု၊ ပေါင်းစည်းမှုဆိုတာ မရှိဘူး။

** အလုပ်လုပ်နိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **

အလုပ်မှာ အပင်ပန်းခံနိုင်တာ၊ ပရော်ဖက်ရှင်နယ် ပီပီသသ အလုပ်လုပ်တာ၊ ဒါတွေအားနည်းတယ်။ ကိုယ့်ကိုကိုယ် သိပ်ညှာတယ်၊ တော်ရုံစိတ်ဖိစီးမှုကို မခံနိုင်ဘူး။

** လွတ်လပ်မှုကို အသုံးချနိုင်စွမ်းတွေ ချည့်နဲ့ကုန်တယ် **

အိမ်မှာအရမ်းတင်းကျပ်လို့ မိဘလစ်တာနဲ့ သောင်းကျန်းတတ်တဲ့ ကလေးတွေလို ဖြစ်နေတယ်။ ကိုယ်ရေးလိုက်တဲ့စာ၊ ကိုယ်ရှယ်လိုက်တဲ့ပို့စ်တစ်ခုကြောင့် ဘယ်သူတွေ ဘယ်လိုထိခိုက်သွားမယ်ဆိုတာ မတွေးမိကြဘူး။ မကျေနပ်ရင် မဖတ်နဲ့၊ ကျော်သွား၊ ငါ့အကောင့် ငါရေးချင်တာရေးမယ် ဆိုပြီး လွတ်လပ်မှုကို တလွဲသဘောပေါက်နေကြတယ်။

** သတ္တိတွေ ချည့်နဲ့ကုန်တယ် **

မှားတာကိုမှားတဲ့အကြောင်း၊ လက်မခံနိုင်တဲ့အကြောင်း၊ ကိုယ်မြင်ရင်မြင်တဲ့အကြောင်း ပြောရဲတဲ့သတ္တိတွေ နည်းကုန်တယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေ သွားတဲ့အခါ သိပ်သိသာတတ်တယ်။ တခြားနိုင်ငံကလူငယ်တွေ ရဲရဲတင်းတင်း ပြောနေ၊ဆိုနေကြချိန် ကျွန်တော်တို့တွေမှာတော့ ပြောသင့်၊ မပြောသင့် ချိန်ဆရင်း ငေးမောလို့၊ တွေဝေလို့။

ဘာပဲဖြစ်ဖြစ် ခုချိန်ဟာ လှောင်အိမ်ထဲကနေ လွတ်စအချိန်လို့ ပြောရမှာပါပဲ။ မပျံသန်းတာကြာပြီဆိုတော့လည်း ခုနက ငှက်လေးလို အတောင်ပံတွေလည်း ချည့်နဲ့နေတာပေါ့။

ဒါပေမဲ့ သေချာတာကတော့ ကျွန်တော်တို့တွေ တခြားငှက်တွေနည်းတူ ပျံသန်းနိုင်အောင် ကြိုးစားရလိမ့်မယ်။ အရှုံးပေးလို့ မဖြစ်ဘူး။ စိတ်ဓါတ်ကျလို့ မဖြစ်ဘူး။

ပြီးတော့ အချိန်သိပ်ဆွဲနေလို့လည်း မရဘူး။ မိုးပေါ်က တခြားငှက်တွေ ကျွန်တော်တို့ကို လာသုတ်သွားလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

၂၃.၄.၂၀၁၆

2 thoughts on ““အရှုံးမပေးနဲ့ ငှက်ငယ်

  • March 24, 2017 at 6:37 am
    Permalink

    ​thank a lot sayar

    Reply
    • March 24, 2017 at 9:46 am
      Permalink

      It’s my pleasure.

      Reply

Leave a Reply

Your email address will not be published. Required fields are marked *

6K Shares