ခေါင်းဆောင်ကောင်းဆိုတာ - ဒေါက်တာ ဖြိုးသီဟ

ခေါင်းဆောင်ကောင်းဆိုတာ

ဒီနှစ် အာဇာနည်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ကောင်းတစ်ယောက်ကို မြန်မာပြည်သူတွေ ဆုံးရှုံးလိုက်ရတာ (၆၉)နှစ်ပြည့်တဲ့နေ့ပါ။ အသက်(၃၂)နှစ်အရွယ်မှာတင် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ဦးဆောင်နိုင်ခဲ့တယ်ဆိုတာ တော်ရုံအရည်အသွေးမျိုးနဲ့ မရပါဘူး။ ဒီနေ့ခေတ်မှာ ခေါင်းဆောင်မှု (Leadership) နဲ့ပတ်သက်ပြီး တခုတ်တရ လေ့လာကြ၊ ဆွေးနွေးလာကြတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ထူးထူးခြားခြား အောင်မြင်ခဲ့တဲ့၊ အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေအားလုံးလိုလိုမှာ ခေါင်းဆောင်ကောင်းတွေ ရှိနေတာကိုကြည့်ရင် ခေါင်းဆောင်မှုဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိနိုင်မှာပါ။ ဒါကြောင့် ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှုအရည်အသွေးတွေကို ကျွန်တော်တို့လူငယ်တွေ အတုယူနိုင်ကြဖို့ ရည်ရွယ်ပြီး ရေးသားလိုက်ရပါတယ်။

L = Loyalty (သစ္စာရှိခြင်း)

ဗိုလ်ချုပ်ဟာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ အင်မတန် လက်တွေ့ကျတဲ့သူပါ။ မဟာဗျူဟာအရ ဂျပန်နဲ့ ပေါင်းပြီး အင်္ဂလိပ်ကို တိုက်ထုတ်သလို၊ ဂျပန်တွေရဲ့သရုပ်မှန် ပေါ်လာတဲ့အခါမှာလည်း အင်္ဂလိပ်နဲ့ပေါင်းပြီး ဂျပန်ကို တိုက်ထုတ်ပြန်ပါတယ်။ ရုတ်တရက်ကြည့်ရင် အခြေအနေပေါ် မူတည်ပြီး ဘက်ပြောင်းတတ်သူအဖြစ် ဝေဖန်ချင်စရာပါ။ ဒါပေမယ့် ဗိုလ်ချုပ်က အင်္ဂလိပ် ဒါမှမဟုတ် ဂျပန်တွေကို မြန်မာ့လွတ်လပ်ရေးဆီ သွားတဲ့လမ်းအတွက် အသုံးပြုရမယ့် ယာဉ်တစ်ခုလိုပဲ သဘောထားခဲ့ပြီး တကယ်တမ်း သူသစ္စာရှိတာက နိုင်ငံအပေါ်၊ ပြည်သူတွေအပေါ်မှာသာ ဖြစ်ပါတယ်။ သစ္စာရှိတာကောင်းပေမယ့် သစ္စာထားရမယ့်သူ မှားယွင်းနေရင်လည်း အဆင်မပြေနိုင်ပါဘူး။

E = Enthusiasm (စိတ်အားထက်သန်မှုရှိခြင်း)

ညှို့အားပြင်းခေါင်းဆောင် (Charismatic Leader) တိုင်းလိုလိုမှာ ရှိတတ်တာက ‘စိတ်အားထက်သန်မှု’ပါပဲ။ အဲဒီစိတ်က သူတို့ကို ခေါင်းဆောင်နေရာအထိ တွန်းပို့ပေးခဲ့တာ ဖြစ်သလို၊ နောက်လိုက်တွေရဲ့ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းနိုင်တာဟာလည်း အဲဒီစိတ်ဓါတ်ပြင်းပြမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀ကို ပြန်ကြည့်လိုက်ရင် လူမှုဆက်ဆံရေးညံ့ဖျင်းသူအဖြစ် ပုံဖော်ခံရတာကို တွေ့ရပါလိမ့်မယ်။ ခေါ်ရင်လည်း ကြားချင်မှ ကြားသတဲ့၊ သူများပြောနေတုန်းလည်း နားမထောင်ဘဲ တွေးချင်ရာ တွေးနေတတ်သတဲ့။ လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တောင် နှုတ်ဆက်ချင်မှ နှုတ်ဆက်သွားသတဲ့။ အကြောင်းကတော့ ဒီနိုင်ငံလွတ်လပ်ရေးရဖို့ ဆိုတဲ့စိတ်ကပဲ ကြီးစိုးနေခဲ့လို့ ဖြစ်ပါတယ်။

ဒီအတွက်လည်း သူ့မှာလိုနေတာမှန်သမျှ အကုန်ဖြည့်တင်းခဲ့တယ်။ အဟောအပြောစွမ်းရည်အတွက် ဟောပြောပုံကိုယ်နေဟန်ထား၊ လက်အမူအရာတွေ လေ့ကျင့်ခဲ့တယ်၊ သိပ်ကောင်းတဲ့ အင်္ဂလိပ်မိန့်ခွန်းတွေဆို အလွတ်နီးပါးရအောင် ကျက်ထားတယ်။ သူတို့ဆီက လွတ်လပ်ရေးကို ရချင်ရင် သူတို့စာ(အင်္ဂလိပ်စာ)ကို သင်ထားမှရမယ်ဆိုပြီး အင်္ဂလိပ်တွေကိုယ်တိုင်တောင် အထင်ကြီးလေးစားရတဲ့အထိ ထူးချွန်ခဲ့တယ်။ ဗိုလ်ချုပ်ဟာ မွေးရာပါခေါင်းဆောင် ဆိုတာထက် စိတ်ဓါတ်ပြင်းပြမှုကြောင့် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်တည်ဆောက်ရင်း ခေါင်းဆောင်ဖြစ်လာခဲ့သူသာ ဖြစ်ပါတယ်။

A = Attitude (ခံယူချက်မှန်ကန်ခြင်း)

တိုင်းတစ်ပါးသား အုပ်ချုပ်ခံဘ၀က ဆိုးလိုက်တာဆိုပြီး ညည်းညူသူတွေ ရှိခဲ့သလို၊ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ့်တိုင်းသူပြည်သားအချင်းချင်း ဂုတ်သွေးစုတ် အမြတ်ထုတ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုအခြေအနေကပဲ ဗိုလ်ချုပ်တို့လို သူရဲကောင်းတွေကိုလည်း မွေးဖွါးပေးခဲ့ပြန်ပါတယ်။ အဓိကကတော့ ဗိုလ်ချုပ်ရဲ့ ခံယူချက်မှန်ကန်ုမှုကြောင့်ပါ။ ဗိုလ်ချုပ်ရဲ့ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ ယိမ်းယိုင်မသွားတဲ့စိတ်ဓါတ်က နောက်လိုက်တွေကိုတင်မက တစ်တိုင်းပြည်လုံးက ပြည်သူတွေကိုပါ ကူးစက်ပြီး စိတ်ဓါတ်တက်ကြွစေခဲ့ပါတယ်။

D = Discipline (စည်းကမ်းရှိခြင်း)

ကျွန်တော်နားလည်တဲ့ စည်းကမ်းဆိုတာ “လုပ်ရမယ့်အလုပ်များကို လုပ်ခြင်း”နဲ့ “မလုပ်ရမယ့်အလုပ်များကို ရှောင်ခြင်း”တို့ဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်တွေ လုပ်ခဲ့တာနဲ့ပတ်သက်လို့တော့ အထွေအထူး ထပ်မပြောလိုတော့ပါဘူး။ မလုပ်ရမယ့်အလုပ်တွေကို ရှောင်နိုင်ခြင်းအပိုင်းမှာတော့ ဗိုလ်ချုပ်ဟာ အင်မတန် အတုယူစရာ ကောင်းတဲ့သူ ဖြစ်ပါတယ်။ လွတ်လပ်ရေးကို တိုက်ယူနေရတဲ့ ကာလမှာ စစ်ခေါင်းဆောင်အဖြစ် ပီပီပြင်ပြင် ဦးဆောင်နိုင်ခဲ့သလို၊ နိုင်ငံရေးသမားဘ၀ကို ခံယူလိုက်တဲ့အခါမှာလည်း နိုင်ငံရေးသမားပီသခဲ့သူ ဖြစ်ပါတယ်။ မတူကွဲပြားတဲ့ တာဝန်နှစ်ခုကို မရောယှက်ခဲ့သလို မယူသင့်တဲ့ ခံစားခွင့်တွေကိုလည်း လုံးဝမယူခဲ့ပါဘူး။

E = Example (စံနမူနာပြ ဖြစ်ခြင်း)

ဗိုလ်ချုပ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြုပြည်ပြုခေါင်းဆောင် ဖြစ်လာခဲ့တာဟာ လက်နက်နဲ့၊ ရာထူးနဲ့ခြိမ်းခြောက်ပြီး နေရာရလာခဲ့တာ မဟုတ်ပါဘူး။ “ခေါင်းဆောင်မှုအား ဗိုလ်ချုပ်ကို မည်သူကမျှ ပေးအပ်သည်မဟုတ်ဘဲ သူ့ဘာသာ ရအောင် လုပ်ယူရခြင်း” ဆိုပြီး ဦးကျော်ငြိမ်းရေးခဲ့ဖူးသလိုပဲ၊ ရာထူးနေရာက ပေးလိုက်တဲ့ ပါဝါထက် ကိုယ့်အရည်အသွေးပြည့်ဝမှုကြောင့် ရလာတဲ့ Personal power နဲ့ တိုင်းပြည်ကို ဦးဆောင်ခဲ့သူပါ။

အကြမ်းခံနိုင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားခြင်း၊ ရိုးသားခြင်း၊ ပညာရည်ပြည့်ဝခြင်း၊ အမြော်အမြင်ကြီးခြင်း၊ ခံယူချက်မှန်ကန်ခြင်း၊ နောက်လိုက်ရဲဘော်တွေကို ငဲ့ညှာတတ်ခြင်း၊ ဘယ်အပိုင်းကိုပဲကြည့်ကြည့်၊ ဗိုလ်ချုပ်ဟာ ရှေ့ဆောင်လမ်းပြ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

R = Respect (လေးစားမှုရှိခြင်း)

ဗိုလ်တာရာ ရေးခဲ့ဖူးတာလေးလည်း ဖတ်ရပါတယ်၊ တစ်ခါက သူတို့တွေ ဗိုလ်ချုပ်ကို သွားကန်တော့ကြတဲ့အခါ ပိုးလုံချည်တွေဝတ်လာတာကိုလည်း မြင်ရော “ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ်၊ မင်းတို့ကျတော့ ပိုးလုံချည်တစ်ပြောင်ပြောင်၊ သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း” ဆိုပြီး အခန်းထဲက သူ့ယူနီဖောင်းတွေ ယူဝတ်စေပြီးမှ ကန်တော့ခံခဲ့ပါတယ်။ ပြန်တော့တောင် အဲဒီအ၀တ်အစားတွေ မလဲစေဘဲ ဒီအတိုင်းပဲ ပြန်စေပါသတဲ့။ လုပ်ဖော်ကိုင်ဖက်မပြောနဲ့၊ ကိုယ့်လက်အောက်ရဲဘော်တွေအပေါ်တောင် လေးစားမှုထားတတ်တဲ့ ဗိုလ်ချုပ်ရဲ့စိတ်ကို ဒီဖြစ်ရပ်လေးကနေ တွေ့နိုင်မှာပါ။

S = Scholarliness (ပညာပြည့်ဝခြင်း)

ဗိုလ်ချုပ်ရဲ့ အရည်အချင်းကို ထင်ဟပ်စေတဲ့ အဖြစ်အပျက်လေးတစ်ခု စိတ်ထဲစွဲနေမိပါတယ်။ တစ်ခါက ဗမာ့ထွက်ရပ်ဂိုဏ်းရဲ့ အမှုဆောင်အစည်းအဝေးမှာ ၀ါဒစည်းမျဉ်းနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်တွေ ရေးဆွဲဖို့ အဖွဲ့ငယ်တစ်ခု ဖွဲ့ပါတယ်။ အဲဒီစည်းမျဉ်းကို ဘယ်နေ့တင်ပြနိုင်မလဲလို့ အမှုဆောင်တွေက မေးတဲ့အခါ ဥက္ကဌဖြစ်တဲ့ ဒေါက်တာဗမော်က တနင်္ဂနွေနှစ်ပတ်အတွင်း တင်ပြပါမယ်လို့ ပြန်ဖြေပါတယ်။ အဲဒီအခါ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းက “ဒီလောက်အလုပ်ကလေးကို ဒီလောက်အချိန်ယူလုပ်နေရင် ဗမာ့လွတ်လပ်ရေးကြီးသာဆိုရင် ဆယ်နှစ်နဲ့ပြီးနိုင်ပါတော့မလား” လို့ပြောပြီး ၂နာရီအတွင်း အပြီးရေးကာ တင်ပြနိုင်ခဲ့တယ်။ သူ အင်္ဂလိပ်လိုရေးထားတဲ့ အဲဒီမူကြမ်းမှာ စကားလုံးအနည်းငယ်ပဲ ပြင်စရာလိုခဲ့ပါသတဲ့။

“နိုင်ငံရေးလုပ်တဲ့နေရာမှာ ခေါင်းဆောင်လုပ်တဲ့သူဟာ နောက်လိုက်တွေထက်ပိုပြီး အမြင်ကျယ်ရတယ်။ ခေါင်းဆောင်ဟာ ဟိုလူပြောဟုတ်နိုးနိုး ဒီလူပြောဟုတ်နိုးနိုး ယောင်ချာချာလုပ်နေရင် ခေါင်းဆောင်ကောင်း မဟုတ်ဘူး” ဆိုတဲ့စကားအတိုင်း ဗိုလ်ချုပ်ရဲ့အမြင်တွေဟာ အင်မတန်ခေတ်မီခဲ့တယ်ဆိုတာ သတိထားမိကြမှာပါ။ စာအလွန်ဖတ်ခြင်း၊ စာဖတ်နာခြင်းတွေရဲ့ အသီးအပွင့်တွေလို့ ဆိုရပါလိမ့်မယ်။

H = Honesty (ရိုးသားမှု)

ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့အသံကြားလိုက်တာနဲ့ ကျွန်တော်တို့ရင်ထဲပေါ်လာတာ ဗိုလ်ချုပ်ရဲ့ ရိုးဂုဏ်ပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးအတွက် နည်းနည်းလေးမှ အလွဲသုံးစားမလုပ်ခဲ့ဖူးသူပါ။ ဗိုလ်ချုပ်တို့ဆုံးပြီး (၁၀)ရက်အကြာ လွှတ်တော်မှာ အဆိုတင်သွင်းတော့ ၀န်ကြီးချုပ်ဦးနုက ပြောခဲ့ဖူးတယ်။

“ဗိုလ်ချုပ်နေရာမှာ ဗိုလ်ချုပ်မဟုတ်ဘဲ တခြားက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်တဲ့ လူစားမျိုး၊ လောဘကြီးတဲ့လူစားမျိုး၊ အဲဒီလိုလူစားမျိုး တစ်ယောက်ရှိနေမယ်ဆိုရင် ဂျပန်ခေတ်တုန်းက တစ်သက်မဟုတ်ဘူး၊ ဆယ်သက်မကုန်အောင် ပစ္စည်းတွေ စုနိုင်တယ်”

မြေပြန့်နဲ့တောင်တန်းဒေသတွေကို စုစည်းနိုင်ခဲ့၊ ပင်လုံစာချုပ်ကို ရေးထိုးနိုင်ခဲ့၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့တဲ့အထဲမှာ အဲဒီရိုးသားမှုက အင်မတန်အရေးပါခဲ့ပါတယ်။

I = Integrity (ဖြောင့်မတ်ခြင်း)

အတွေး(ခံယူချက်)၊ အပြောနဲ့အလုပ် ဒီ(၃)ခု တူညီနေတာမျိုးကို ဖြောင့်မတ်သူအဖြစ် သတ်မှတ်လို့ရပါတယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့ရမယ် ဆိုတဲ့ကတိမျိုး ပေးပြီး တကယ်လည်း ဖြစ်အောင်လုပ်ပြခဲ့သူပါ။

P = Pride (ဂုဏ်သိက္ခာကို တန်ဖိုးထားခြင်း)

ဗိုလ်ချုပ်ရဲ့ သက်တမ်းတစ်လျှောက်မှာ ငါတို့အလုပ်က ဘယ်လိုကြီးမြတ်တယ်၊ ငါတို့က လွတ်လပ်ရေးကို ဘယ်လိုယူပေးမှာ ဆိုတာမျိုးတွေ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်မှုတွေမှာတော့ သူ့ဂုဏ်သိက္ခာကို ထိခိုက်စေမယ့်အလုပ်မျိုး အနည်းအကျဉ်းတောင် မလုပ်ခဲ့ဖူးတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ အပြောနဲ့တည်ဆောက်လို့ မရသလို၊ သူများကလည်း သတ်မှတ်ပေးလို့ မရပါဘူး၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်အတွေးအကြံတွေနဲ့ပဲ တည်ဆောက်လို့ရနိုင်တာ ဖြစ်လို့ပါပဲ။

ဒေါက်တာဖြိုးသီဟ

၁၈.၇.၂၀၁၇ Weekly Eleven ဂျာနယ်တွင် ဖော်ပြပြီး။

Leave a Reply

Your email address will not be published. Required fields are marked *

22 Shares