စေတနာပါ .. သူ့ချည်းပဲလား .. ပညာနဲ့ပါဗျား - ဒေါက်တာ ဖြိုးသီဟ

စေတနာပါ .. သူ့ချည်းပဲလား .. ပညာနဲ့ပါဗျား

၁၊၊
နယ်မှာအလုပ်လုပ်တုန်းက တပ်ထဲမှာ သားအိမ်ခေါင်းကင်ဆာ ဟောပြောပွဲလေးတစ်ခု လုပ်ဖူးတယ်။ ကျွန်တော့်ဟောပြောမှုအပြီးမှာ ‘တကယ်လို့ သားအိမ်ခေါင်းကင်ဆာ စစ်ချင်တယ်ဆိုရင် နာမည်စာရင်းပေးပြီး ဆက်ကျန်နေခဲ့ပါ၊ မစစ်ချင်ဘူးဆိုရင်တော့ ပြန်လို့ရပါပြီ၊ ကျေးဇူးတင်ပါတယ်’ ပြောလိုက်တော့ မစစ်ချင်တဲ့သူတွေက ထပြန်ကြတာပေါ့လေ။

အဲဒီမှာတင် ကျွန်တော်တို့ကို ဖိတ်ကြားခဲ့တဲ့ ဗိုလ်ကြီးက ‘ဟာ ဒီလိုဘယ်ဖြစ်မလဲ၊ ဆရာတို့က အမြဲလည်းလာနိုင်တာ မဟုတ်ဘူး၊ လာတုန်း အကုန်စစ်ကြ’ ဆိုပြီး မိုက်နဲ့အော်ပါလေရော၊ ‘ကဲ အားလုံးပြန်ဝင်ပါ၊ အကုန်လုံး စစ်ရမယ်၊ မစစ်တဲ့သူ တပ်စည်းကမ်းနဲ့ အရေးယူမယ်’ တဲ့။

ဟင် အဲ့လိုတော့ မဟုတ်သေးဘူးလေ

“ဒီမှာ ဗိုလ်ကြီး၊ တကယ်တော့ ပြည်သူဆိုတာ ဗိုလ်ကြီးတို့ထင်သလို ထားရာနေ စေရာသွားရမယ့် လူ့အခွင့်အရေးပျောက်ဆုံးနေသူတွေ မဟုတ်ဘူး၊ ထားလည်းနေချင်မှနေမယ်၊ စေလည်းသွားချင်မှသွားမယ်၊ အဲ့ဒါ တကယ့်ပြည်သူ့ဘ၀စစ်စစ်ပဲ”

အဲ့လို ပြောပစ်လိုက်ချင်တာပေါ့။ ဒါပေမယ့် ဘယ်ဖြစ်မလဲနော်။ ကျွန်တော့်လုပ်လွှတ်လိုက်မှာပေါ့။

အဲဒါနဲ့ပဲ ‘မဟုတ်ပါဘူး၊ ဗိုလ်ကြီးရယ်၊ စစ်စရာမလိုတဲ့ အရွယ်တွေရှိတယ်၊ ပြီးတော့ အချိန်တိုအတွင်း လူဒီလောက်အများကြီးကို စစ်ပေးရရင် သေချာဘယ်ကြည့်ပေးနိုင်တော့မလဲ၊ ဒီလိုလုပ်၊ လူတိုင်း ကျွန်တော်တို့နဲ့ မဖြစ်မနေတော့ ဆွေးနွေးခိုင်းလိုက်၊ စစ်မယ် မစစ်ဘူးဆိုတာတော့ သူတို့ဆုံးဖြတ်ပါစေ’ ဆိုပြီး ကြည့်ကောင်းအောင် ပြောလိုက်ရတယ်။

ကိုယ့်အတွက်တော့ ကြက်သားဟင်းက အကောင်းဆုံးမို့လို့ ကြက်သားဟင်းချက်ကျွေးချင်ပေမယ့် စားရမယ့်လူ ကြက်သားကြိုက်မကြိုက်ကိုလည်း စဉ်းစားဖို့လိုပါသေးတယ်။ ဒါကြောင့် ခုနောက်ပိုင်း လူမှုရေးလုပ်ငန်းတွေမှာ အကျိုးရှိမယ့်လူအုပ်စု (Beneficiaries) ရဲ့ အခွင့်အရေးကို ဦးစားပေးလာတာ ဖြစ်ပါတယ်။ မဟုတ်ရင် လိုချင်တာက ရေတွင်း၊ ကိုယ်ဆောက်ပေးလိုက်တာက စာကြည့်တိုက် ဖြစ်တတ်လို့ပါ။

၂၊၊
တစ်ခါကလည်း သက်ငယ်မုဒိမ်းမှုတွေ လျော့နည်းပပျောက်ရေး ဟောပြောပွဲတစ်ခု လုပ်ပါတယ်။ ဒီလိုအမှုအခင်းတွေနဲ့ ပတ်သက်ရင် ရဲတပ်ဖွဲ့ကိုက ချန်ထားခဲ့လို့ မရဘူးလေ။ သူတို့ကသာ ပြည်သူကို လုံခြုံမှုပေးနိုင်သူတွေကိုး။ အဲဒီတော့ သူတို့လည်း ဒီပွဲမှာ တက်ပြောပါတယ်။

အစကတော့ ‘ဘယ်လိုတွေ နေသင့်ထိုင်သင့်တယ်၊ ဟိုနေရာ မသွားနဲ့၊ ဒီလိုဝတ်မသွားနဲ့၊ သူစိမ်းမောင်းတဲ့ဆိုင်ကယ်နောက် တက်မစီးနဲ့’ စသဖြင့် ဘာအကျိုးမှမရှိတဲ့ မုဒိမ်းမှုကာကွယ်ရေးနည်းလမ်းတွေများ ပြောမလား စိုးရိမ်နေတာ၊ အဲဒါတွေ တစ်ခုမှ ပြောမသွားဘူးဗျ။

ဘာပြောသွားလဲဆိုတော့ ဒီနှစ်အတွင်း ဖြစ်ခဲ့တဲ့အမှုတွေကို ပြောပြမယ်ဆိုပြီး နာမည်အတိအကျ၊ အသက်၊ လိပ်စာ၊ အဖေနာမည်တွေနဲ့ကို ပြောသွားတာ။ မဘယ်သူ၊ အသက်ဘယ်လောက်၊ ဘယ်မှာနေတယ်၊ အဖေနာမည်ဘယ်သူကို တစ်အိမ်တည်းအတူနေ ကိုဘယ်သူက ဘယ်လိုလုပ်သွားတယ် ဆိုပြီး ၅မှု ၆မှုလား ပြောသွားပါလေရော။

ကိုယ်တွေမှာ အောက်မှာနားထောင်ရင်း ပါးစပ်အဟောင်းသား။

“ဒီမှာ ရဲအုပ်၊ ဒါဟာ လျှို့ဝှက်ထားရမယ့်ကိစ္စဆိုတာ မသိဘူးလား၊ ခုလိုလူပုံအလည် နာမည်ကြီးတပ် ပြောချလိုက်တော့ ဒီမိန်းကလေးတွေဘ၀ ဘယ်လောက်စုတ်ပြတ်သတ်သွားမလဲ မတွေးမိဘူးလား”

အဲ့လို ပြောပစ်လိုက်ချင်တာပေါ့။ ဒါပေမယ့် ဘယ်ဖြစ်မလဲနော်။ ကျွန်တော့်လုပ်လွှတ်လိုက်မှာပေါ့။

အဲဒါနဲ့ပဲ ကိုယ့်အလှည့်ရောက်တော့မှ ထည့်ပြောရတယ်။ “ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုကျူးလွန်ခံရသူကို တွေ့ရင် စေတနာတွေပိုပြီး ဟိုကောင်မလေးကတော့ ဟိုလိုဖြစ်နေပြီ၊ ကူညီကြပါဦး၊ ၀န်းရံကြပါဦး အရပ်တကာလည် ပြောမနေပါနဲ့။ ကိုယ်လိပ်ခေါင်းဖြစ်နေရင်တောင် ရှက်လွန်းလို့ သူများပြောဖို့အသာထားဦး ဆရာဝန်ဆီ သွားပြဖို့တောင် ဘယ်လောက်ဝန်လေးလဲ။ ဒါတောင် လိပ်ခေါင်းဖြစ်လို့ဆိုပြီး ပတ်ဝန်းကျင်က ဘယ်သူကမှ ကဲ့ရဲ့တာမဟုတ်ဘူး” ဆိုပြီး လူပရိသတ်ကို ပြောသလိုလိုနဲ့ သွယ်ဝိုက်ပြောရတယ်။

သူလည်း သဘောပေါက်လောက်ပါပြီလေ ဆိုပြီး စင်ပေါ်က လှမ်းကြည့်တော့ ကိုယ်အဟောအပြောကောင်းလို့နဲ့ တူတယ်၊ မျက်လုံးစုံမှိတ်ပြီး ရင်ဘတ်ကြီးနဲ့ ခံစားနားဆင်နေလေရဲ့။

၃၊၊
မနေ့က ဖေ့စ်ဘွတ်မှာ လိင်စိတ်ကြွဆေးတစ်ခုကို ပေါ်ပေါ်တင်တင်ပဲ ကြော်ငြာနေတာ ဖတ်လိုက်ရတယ်။ သိပ်ပေါ်တင်လွန်းတော့ ဘာရည်ရွယ်ချက်များရှိနေသလဲတောင် ထင်ချင်စရာ။ တကယ်ဆို ဒါမျိုးက ခုမှကြော်ငြာတယ်ဆိုပေမယ့် ဈေးကွက်ထဲမှာ ၀ယ်လို့ရတယ် ဆိုတဲ့အသံတွေကလည်း အရင်ကတည်းက ကြားဖူးနေတာ။ ဒီလိုဆေးတွေနဲ့ ပတ်သက်ရင် မိန်းကလေးတွေကိုချည်း အသိပညာပေးနေလို့ မရတော့ဘူး။ လူမဆန်စွာ တင်သွင်းဖြန့်ဖြူးတဲ့သူတွေကို၊ နှမချင်းစာနာဖို့ သွားပြောရင်လည်း မောရုံပဲရှိမယ်၊၊

ဒီအခါ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍက အင်မတန်အရေးပါလာတယ်။ သူတို့က ဒါမျိုးကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးပါမှ ဖြစ်မယ့်ကိစ္စ။ မူးယစ်ဆေးလိုပေါ့၊ လူငယ်တွေကို မူးယစ်ဆေးအန္တရာယ်တွေအကြောင်း ပြောတာအပြင် မူးယစ်ဆေးတွေ တိုင်းပြည်ထဲရှိမနေအောင် စစ်ဆေးဖမ်းဆီးပေးမှလည်း ရမှာပေါ့။ ဆေးပြား ၃-၄ပြား မိရင် ထောင်ကျပြီး ပမာဏများရင် ပိုင်ရှင်မဲ့ ဖြစ်နေလို့တော့ ဒီပြဿနာက ပြေလည်မှာမဟုတ်ဘူး။

တကယ်ဆို သူတို့လည်း လုပ်တော့လုပ်ရှာပါတယ်။ ဒါ ဖာတာ မဟုတ်ဘူးနော်။ ကြည့်လေ၊ ဗယ်လန်တိုင်းဒေးတို့၊ သင်္ကြန်တို့ဆို အလုပ်ရှုပ်ပြီ။ ဘာလဲဆိုတော့ တည်းခိုခန်းတွေ ၀င်စစ်ရတာ။ ချစ်သူစုံတွဲတွေ လာရောက်တည်းခိုခြင်း ရှိမရှိ။ ဒီကစုံတွဲတွေက ဆန်းတယ်နော်။ အဲ့လိုအထိမ်းအမှတ်ရက်တွေပဲ အတူနေကြတာပဲ။ အဲ့လိုတွေ အစစ်ကောင်းတော့ ဘုရားနားမှာ ဆိုင်ကယ်လေးကွယ်ပြီး အတူနေကြတာတွေ၊ မကြားဝံ့မနာသာတွေ ဖြစ်ကုန်ရော။

အမှန်တော့ ဒီလိုကိစ္စတွေက အဲ့လိုတားလို့မရဘူး။ တားစရာလည်း မလိုဘူးလေ။ ဒါ တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ပဲ။ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းနဲ့ပဲ ထိန်းသွားရမှာ။

နောက်တစ်ခုလုပ်တာ ရှိသေးတယ်။ အဲဒါကတော့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေကို ကိုယ်ဝန်ဖျက်ချတဲ့ဆေး၊ လိင်စိတ်ကြွဆေးဆိုပြီး ဖမ်းတာပဲ။ ဗယ်လန်တိုင်းဒေးတို့၊ သင်္ကြန်ရက်တို့ဆို အဲဒီဆေးတွေ အစစ်ခံရပြီ။ တကယ်တော့ အရေးပေါ်ကိုယ်ဝန်တားဆေးဆိုတာ ဖျက်ချတာလည်း မဟုတ်ဘူး၊ ဘာလိင်စိတ်ကိုမှလည်း မတက်ကြွစေဘူး။ မလိုချင်ဘဲနဲ့ ကိုယ်ဝန်မရအောင် တားပေးတဲ့နည်းလမ်းတစ်ခုပဲ။ ကျွန်တော်တို့လို လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှု အားနည်းနေသေးတဲ့ တိုင်းပြည်၊ အဓမ္မပြုကျင့်မှု ထူပြောတဲ့တိုင်းပြည်မှာ ဘာပဲပြောပြော ဒီဆေးတွေဟာ အင်မတန်လိုအပ်တယ်။ ဒါကိုပိတ်ပင်နေခြင်းဟာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ စဉ်းစားကြည့်ပါ။

ဦးဦးရဲကြီးတို့က သိပ်အများကြီးတော့ မလွဲပါဘူး၊ နှစ်ခုပဲ လွဲတာပါ။ လုပ်ရမယ့်ဟာကို မလုပ်တာရယ်၊ မလုပ်ရမယ့်ဟာကို အချိန်ကုန်ခံ လူပင်ပန်းခံ လုပ်နေတာရယ်ပါ။

၎၊၊
နဖူးပေါ်နားနေတဲ့ မှက်ကို ဖယ်တဲ့နေရာမှာတောင် ပညာလိုသေးရင် တိုင်းပြည်ကြီးတစ်ပြည်ကို စီမံခန့်ခွဲနေရသူတွေ၊ ကာကွယ်ပေးနေရသူတွေမှာဆို ကောင်းစေချင်တယ်ဆိုတဲ့ စေတနာတစ်ခုတည်းနဲ့ မလုံလောက်တာ သေချာပါတယ်။ ပညာမပါတဲ့ စေတနာက ကူညီသူကို ဝေဒနာ ဖြစ်စေသလို၊ ကူညီခံရသူကိုလည်း ပိုလို့ ဒုက္ခရောက်စေနိုင်ပါတယ်။

ဒါကြောင့်မို့ တိုင်းပြည်အတွက် တခုခုလုပ်တော့မယ်ဆိုတဲ့အခါ ကိုယ့်တစ်ဖက်တည်းကြည့်ပြီး လုပ်သင့်တယ်ထင်တိုင်း စွတ်မလုပ်ပါနဲ့၊ ပြည်သူကိုမေးပါ၊ ပြည်သူ့အသံနားထောင်ပါ။ နောက်ပြီး စေတနာရဲ့နောက်မှာ ပညာလေး အမြဲကပ်ပါနေဖို့ ကြိုးစားပေးပါလို့ ပြောချင်ပါတယ်။

မှတ်ချက် – ပရဟိတလုပ်ရင်း ခင်မင်ခဲ့ရတဲ့ ညီလေးတစ်ယောက်က ပြောဖူးတယ်၊ ‘ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ပြောတယ်၊ ကိုဖြိုးသီဟစာတွေက ပျော့တယ်’ တဲ့။
အင်း ဘာမဆိုဖြစ်သွားနိုင်တဲ့ ဒီမိုကရေစီအစိုးရခေတ်မှာ ခပ်ပျော့ပျော့လေးတွေ ပြောတာပဲ ကောင်းပါတယ်နော်၊ စစ်သူကြီး မဟာဗေလုဝပြောသလို အန္တရာယ်ကင်းတာပေါ့ဗျာ၊ မဟုတ်ဘူးလား။

ဒေါက်တာ ဖြိုးသီဟ
၃၀.၃.၂၀၁၇

908 Shares