နှမ်းတစ်စေ့မဟုတ်တဲ့ ခဲတစ်လုံး

ဘေးအန္တရာယ်စီမံခန့်ခွဲမှု (Disaster Management Cycle) မှာ အပိုင်း(၄)ပိုင်း ပါဝင်ပါတယ်။

၁။ တုံ့ပြန်ဆောင်ရွက်ခြင်း (Response)

၂။ ပြန်လည်ထူထောင်ခြင်း (Rehabilitation & Reconstruction)

၃။ အန္တရာယ်ဖြစ်နိုင်ချေအား လျှော့ချခြင်း (Mitigation) နဲ့

၎။ ကြိုတင်ပြင်ဆင်ခြင်း (Preparation) တို့ဖြစ်ပါတယ်။

 

၁။ တုံ့ပြန်ဆောင်ရွက်ခြင်း

လက်ရှိ ပရဟိတအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေနဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ ရေဘေးသင့်ဒေသတွေဆီ အရောက်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတာဟာ Disaster response ပါပဲ။ အလှူငွေတွေ ထည့်ကြတယ်။ အစားအစာ၊ အ၀တ်အထည်၊ သောက်ရေသန့်တွေ လှူကြတယ်။ ဆေးတွေလှူတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးကြတယ်။ နေရာအနှံ့က ပျက်စီးမှုတွေ၊ နောက်ဆုံးအခြေအနေတွေ စတဲ့သတင်းအချက်အလက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေရော ပြည်သူတွေပါ သိရှိအောင် ဖြန့်ဝေနေကြတယ်။ ဒီလိုကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ အရေးကြီးတာက သူတို့ဘာလိုအပ်နေလဲဆိုတာကို Needs assessment လုပ်ဖို့ပါ။ လက်ရှိမှာလည်း ပရဟိတအဖွဲ့တော်တော်များများဟာ သူတို့ရဲ့လိုအပ်ချက်ကို သိအောင်လုပ်ပြီးမှ လှူနေကြတာကို တွေ့ရပါတယ်။ ဆရာအော်ပီကျယ်ပြောသလို မိခင်နို့လောက် မကောင်းနိုင်ပေမဲ့ မိခင်နို့ကမှ မထွက်တော့လည်း မရှိရှိတာလေးပဲ အာဟာရပြည့်အောင် သောက်ကြရတော့တာပေါ့။

နောက်ထပ်အနေနဲ့ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပေးဖို့၊ ကူးစက်ရောဂါတွေ ကာကွယ်ဖို့၊ သတင်းထုတ်ပြန်ပေးဖို့ စတာတွေလည်း လိုပါသေးတယ်။ ကယ်ဆယ်ရေးစခန်းတွေကလည်း ဖွင့်ထားရုံတင်မဟုတ်ဘဲ အဲဒီစခန်းတွေမှာ လိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်မှုတွေ ရှိနေဖို့လည်း အရေးကြီးပါတယ်။

၂။ ပြန်လည်ထူထောင်ခြင်း

ပထမလုပ်ငန်းမှာတော့ ပရဟိတစိတ်ဝင်စားတဲ့၊ အလှူအတန်းရက်ရောတဲ့ ဘယ်သူမဆို ပါဝင်လို့ ရပါတယ်။ ဒါပေမဲ့ ဒီအဆင့်မှာတော့ တကယ့်ပရော်ဖက်ရှင်နယ်တွေ၊ ပညာရှင်တွေနဲ့ နိုင်ငံတကာအကူအညီတွေပါ လိုအပ်လာပါပြီ။ ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦးတွေ၊ လယ်မြေတွေ၊ စီးပွါးရေးလုပ်ငန်းတွေကို ပြန်တည်ဆောက်ကြရမယ်။ ရေဘေးသင့်မိသားစုတွေကို ပြန်လည်နေရာချထားပေးရမယ်။ ဒီအဆင့်မှာ အရေးကြီးဆုံးဖြစ်လာတာက ပေးတဲ့သူ မဟုတ်တော့ပါဘူး။ ယူတဲ့သူ ဖြစ်လာပါပြီ။ အာဖရိကနိုင်ငံတွေအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ ဖြစ်လေ့ရှိတာတစ်ခုက ကူညီတဲ့သူအပေါ် မှီခိုလွန်းခြင်း (Dependency syndrome) ပါ။ အဆိုတော်ဆုန်သင်းပါရ်ပြောသလို “လမ်းတွေ ပြိုသွားပေမဲ့ ကျွန်မတို့ စိတ်ဓါတ်တွေ မပြိုပါဘူး၊ တံတားတွေ ပျက်သွားပေမဲ့ ကျွန်မတို့ စိတ်ဓါတ်တွေ ပျက်မသွားပါဘူး၊ အိမ်တွေ ရေမြုပ်ကုန်ပေမဲ့ ကျွန်မတို့ စိတ်တွေ မြုပ်မသွားပါဘူး” ဆိုတာမျိုး ဖြစ်နေဖို့ လိုပါတယ်။

၃။ အန္တရာယ်လျှော့ချခြင်း နဲ့ ကြိုတင်ပြင်ဆင်ခြင်း

ဘေးအန္တရာယ် နှစ်မျိုးနှစ်စားရှိပါတယ်၊ သဘာဝဘေးအန္တရာယ် (Natural disaster) နဲ့ လူကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ် (Man made disaster) ပါ။ “သဘာဝဘေးအန္တရာယ်ဆိုတာက ရှောင်လွှဲလို့ မရတာမို့ ဖြစ်လာရင် ဘေးကင်းရာ ရှောင်ကြရမယ်” ဆိုတာကတော့ အထွေအထူးပြောနေစရာ မလိုပါဘူး။ လူတိုင်းသိပါတယ်။ ဖြစ်သင့်တာက Mitigation လို့ခေါ်တဲ့ Disaster တစ်ခုမှာ အထိအခိုက်နည်းအောင် ဘာတွေ စီမံထားမယ် (ဥပမာ- ဒီရေ ရုတ်တရက်တက်တာကို ထိန်းဖို့အတွက် လမုပင်တွေ စိုက်ပျိုးတာမျိုး၊ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးတာမျိုး)၊ ကြိုတင်ပြင်ဆင်မှုအပိုင်း (Preparedness) မှာဆိုလည်း တကယ်ဖြစ်တော့မယ်ဆိုတဲ့အချိန်မှာ ပြည်သူလူထုကို ဘယ်လိုသတင်းပေးမယ်၊ ဘယ်လိုအဖွဲ့အစည်းတွေ ချိတ်ဆက်ဆောင်ရွက်ကြမယ်၊ ဘတ်ဂျက်၊ လူအင်အား ဘယ်လောက်အသုံးပြုသွားမယ်၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုလေ့ကျင့်ထားကြမယ်ဆိုတာမျိုး ဖြစ်သင့်တာပါ။ ပြောရရင်တော့ ဒီဘူတာပဲ ဆိုက်ပါဦးမယ်။ ဒါကြောင့် နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်လို့ ပြောနေကြတာပါ။

ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ဘေးအန္တရာယ်တစ်ခုနဲ့ ကြုံတွေ့ရရင် ဆုံးရှုံးရတဲ့ ပမာဏဟာ ဖွံ့ဖြိုးပြီးတိုင်းပြည်တွေရဲ့ ဆုံးရှုံးမှုထက် အဆ(၂၀)ပိုများပါတယ်။ ဒါကိုကြည့်ရင် ရှောင်လို့မရတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အန္တရာယ်လျှော့ချတဲ့ လုပ်ငန်းတွေ၊ ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကိုသာ ထိထိရောက်ရောက် လုပ်ထားနိုင်ခဲ့ရင် ဘယ်လောက်အကျိုးသက်ရောက်မှု ရှိသလဲဆိုတာကို ပြတာပါ။

၎။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း

အရေးကြီးဆုံးလို့လည်း ပြောလို့ရတယ်၊ ကျွန်တော်တို့ တော်တော်များများလည်း သိရက်နဲ့ လုပ်မနေကြတဲ့ ကိစ္စတစ်ခုကတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပါပဲ။ အခုတစ်ခေါက် တစ်နိုင်ငံလုံးနီးပါး မကြုံစဖူး ကြုံခဲ့ရတဲ့ ရေကြီးမှုရဲ့ အဓိကအကြောင်းအရင်းတစ်ခုကလည်း သစ်တောပြုန်းတီးမှုပါ။ သယံဇာတဆိုတာ ဒီအတိုင်းထားမဲ့အစား ထုတ်ရောင်းတော့မှ တိုင်းပြည်အကျိုးရှိတော့မပေါ့ လို့ ထင်တဲ့သူတွေ အုပ်ချုပ်တဲ့နိုင်ငံ၊ အကျင့်ပျက်ခြစားမှုနဲ့ ခရိုနီစနစ် ကြီးစိုးနေတဲ့ နိုင်ငံ၊ ကိုယ့်နိုင်ငံကသစ် လာခိုးထုတ်တဲ့သူတွေကို ကြောက်ကြောက်လန့်လန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေရတဲ့ နိုင်ငံ၊ တရားဥပဒေစိုးမိုးမှုဆိုတာကို မှန်ဘီလူးနဲ့ရှာတောင် မတွေ့နိုင်တဲ့ ဒီလိုနိုင်ငံမျိုးမှာ သစ်တောပြုန်းတီးမှု ဖြစ်တာ သိပ်တော့မဆန်းလှပါဘူး။ ခိုးထုတ်ပြီး ကျိကျိတက်ချမ်းသာတဲ့သူက ချမ်းသာ၊ ထောင်(၈)ရက်လောက်ပဲ ကျလိုက်ရပြီး အေးအေးလူလူ ဖြစ်နေတဲ့သူက ဖြစ်၊ ဒါပေမဲ့ ခိုးထုတ်ခံလိုက်ရတဲ့ သယံဇာတတွေက တိုက်တဲ့ကျိန်စာကိုတော့ ဘာအကျိုးအမြတ်မှ မရလိုက်တဲ့ ပြည်သူတွေကပဲ ခံနေကြရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ထပ်ပြောပါရစေဦး။ နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံးနဲ့ ဆိုင်ပါတယ်။

Sustainable development ဆိုတဲ့ စကားလုံး တော်တော်များများ သုံးကြပါတယ်။ မြန်မာလိုပြန်တော့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း တဲ့။ ဒီတော့ ဆက်တိုက်လည်း ဖြစ်နေရမယ်၊ တိုးလည်းတိုးတက်နေရမယ် ဆိုတဲ့ သဘောသက်ရောက်နေတယ်။ ဒီနှစ် သဘာဝဓါတ်ငွေ့ တစ်သိန်းဖိုး ထွက်တယ်၊ နောက်နှစ်ကျ နှစ်သိန်းဖိုး ထွက်တယ်ဆို ဒါ sustainable development ပေါ့။ တကယ့်ဆိုလိုရင်းက အဲ့လိုမဟုတ်ပါဘူး။ “နောက်ထွက်ပေါ်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ထိခိုက်မှုမရှိစေဘဲ လက်ရှိမျိုးဆက်ရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်တာ”ကိုမှ sustainable development ခေါ်ပါတယ်။ အဲဒီတော့ ဒီအစိုးရလက်ထက်ကျမှ ပိုလို့တောင် သယံဇာတတွေ ထုတ်ယူနေတာဟာ စဉ်ဆက်မပြတ် တိုးတက်နေတာ မဟုတ်ပါဘူး။ နောက်ရောက်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာပါ။

ကိုယ်တွေနဲ့ တိုက်ရိုက်ဆိုင်တာကိုပဲ ပြောရရင်တော့ Butterfly effect ဆိုတာ ရှိပါတယ်။ ရှုပ်ထွေးတဲ့ သိပ္ပံသီအိုရီတစ်ခုပါ။ အလွန်သေးငယ်တဲ့ ဖြစ်ရပ်တစ်ခုဟာ ကြီးမားတဲ့အကျိုးသက်ရောက်မှုတစ်ခုကို ဖြစ်လာစေပါတယ်။ လိပ်ပြာတောင်ပံခတ်တာနဲ့၊ အလွန်ဝေးလံတဲ့ နေရာတစ်ခုမှာ ဖြစ်ပေါ်လာတဲ့ မုန်တိုင်းတို့ရဲ့ကြားမှာ ဆက်စပ်မှုရှိတယ် လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီမုန်တိုင်းက ဒီလိပ်ပြာကြောင့်လား၊ ဟိုလိပ်ပြာကြောင့်လား ပြောဖို့တော့ခက်ပါတယ်။

ဒီလိုပါပဲ၊ ခု ဖြစ်သွားတဲ့ ရေဘေးဟာ သူခုတ်တဲ့အပင်ကြောင့်လား၊ ငါဖျက်ဆီးလိုက်တဲ့ သစ်တောကြောင့်လား ခွဲခြားဖို့ ခက်ပါတယ်။ သူပစ်လိုက်တဲ့ ပလပ်စတစ်အိတ်ကြောင့်လား၊ ငါပစ်လိုက်တဲ့ ပလပ်စတစ်ကြောင့်လား မသိနိုင်ပါဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီလိုသေးငယ်တဲ့အရာတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ ခုလိုကြီးမားတဲ့ဘေးဒုက္ခတစ်ခု ဖြစ်လာခဲ့ရတာပါပဲ။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နေစေတဲ့ ကျွန်တော်တို့ရဲ့ အပြုအမူတွေကို တတ်နိုင်သမျှ လျှော့သွားကြဖို့ လိုပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့အတွက် တကယ့်ကို အတားအဆီးဖြစ်လာတာက ဘာလဲဆိုတော့ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး ဆိုတဲ့အတွေးအမြင်ပါပဲ။ ကိုယ်တစ်ယောက်မဟုတ်တာ လုပ်ရုံနဲ့တော့ ဘာမှမဖြစ်လောက်ပါဘူး လို့ ဆင်ခြေဆင်လက် ပေးတတ်ကြတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ကိုယ့်ဟာကိုယ် တစ်ပိုင်တစ်နိုင်လေးအနေနဲ့ ကြွပ်ကြွပ်အိတ်လေး လျှော့သုံးမယ်၊ စက္ကူသုံးတာ လျှော့မယ်၊ ဒီနေရာမှာတင် အဖျက်စိတ်က ၀င်လာပြီ။ လုပ်မနေနဲ့၊ ဟိုမှာ သစ်တွေခုတ်နေတာမှ အများကြီးပဲ၊ မင်း ဒါလေးလုပ်နေရုံနဲ့ ဘာမှထူးမလာဘူး။ ဟုတ်ပါတယ်လေ၊ မထူးပါဘူး၊ ငါ့ဟာငါပဲ နေသာသလိုနေတော့မယ်။ အဲဒီလို တွေးမိတယ်။

ဟုတ်ပါတယ်၊ နှမ်းတွေအများကြီးပေါင်းစပ်လိုက်တဲ့အခါကျမှ ဆီဆိုတာ ဖြစ်လာတာပါ။ နှမ်းတစ်စေ့တည်းနဲ့တော့ ဆီမဖြစ်ပါဘူး၊ ဒါသေချာပါတယ်။ ဒီထက် ပိုသေချာတာက ကိုယ့်ကိုကိုယ် နှမ်းလေးတစ်စေ့ပါပဲ လို့သတ်မှတ်ထားတဲ့ နှမ်းတွေနဲ့တော့ ပိုလို့တောင် ဆီမဖြစ်ပါဘူး။

ရေကန်ထဲကို ကျောက်ခဲလေးတစ်လုံး ကျသွားတဲ့အခါ ၀ဲဂယက်လေးတွေ ထသွားပါတယ်။ ကျောက်ခဲက ကြီးလေလေ ၀ဲဂယက်ကလည်း ကြီးလေလေပါပဲ။ ရေကန်ရဲ့ ဒီနေရာမှာ ကျောက်ခဲတစ်လုံး၊ ဟိုနေရာမှာ ကျောက်ခဲတစ်လုံး၊ ဒီလိုနဲ့သာ ကျောက်ခဲတွေအများကြီး တစ်ပြိုင်နက်တည်း ရေကန်ထဲရောက်သွားကြမယ်ဆိုရင် အဲဒီခဲလေးတွေကြောင့် ထွက်ပေါ်လာတဲ့ ၀ဲဂယက်လေးတွေကလည်း တခုနဲ့တခု ဆက်မိပြီး ရေကန်ုကြီးတစ်ခုလုံး ၀ဲဂယက်တွေ ထကုန်မှာပါ။ ဒီဥပမာအတိုင်းပါပဲ။ တစ်ဦးတစ်ယောက်ရဲ့ စစ်မှန်တဲ့ခံယူချက်၊ စေတနာ၊ တက်ကြွမှုနဲ့ အသိပညာတွေဟာ သူရဲ့ကိုယ်ပိုင်ဥစ္စာဆိုပေမဲ့ တစ်ယောက်ကိုတစ်ယောက် လက်ဆင့်ကမ်း ပြန့်ပွါးတတ်၊ ကူးစက်သွားတတ်တဲ့သဘော ရှိပါတယ်။

ခုချိန်ဟာ အားလုံးပါဝင်ကြိုးစားမှ ရမဲ့အချိန်ပါ။ နှမ်းတစ်စေ့နဲ့တော့ ဆီမဖြစ်ဘူးလို့ မတွေးကြတော့ဘဲနဲ့ ကျယ်ပြောလှတဲ့ရေကန်ကြီးမှာ ၀ဲဂယက်တွေ အများကြီးပဲ ထသွားစေနိုင်တဲ့ ခဲလုံးတစ်လုံးအဖြစ် ကိုယ့်ကိုကိုယ်သတ်မှတ်ပြီး အားလုံးဝိုင်းကြိုးပမ်းကြဖို့ လိုနေပါပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာရော၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့နေရာမှာရောပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *

6 Shares
Share6
Tweet
+1
Share