အိပ်မက်ဥပဒေသ(၂)ရပ်

“ကိုယ်ရွေးတဲ့လမ်းဖြစ်လို့ ဘယ်တော့မှ စိတ်ဓါတ်အကျမခံဘူး”

– – – – – – – – – – – –

ကျွန်တော်တို့ ဆရာဝန်တွေ၊ သူနာပြုတွေ ကျောင်းပြီးသွားလို့ ဒီအလုပ်ကို ဆက်မလုပ်ဘဲ တခြားပရော်ဖက်ရှင်တစ်ခုကို ကူးပြောင်းကြတဲ့အခါမှာ လူတွေက ပြောတတ်ကြတယ်။

“၀ါသနာမပါဘူး၊ ဒီအလုပ်လုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် ဘာလို့ အစကတည်းက တက်နေသေးလဲ၊ သူတို့နေရာမှာ တကယ်ဝါသနာပါတဲ့ လူငယ်တွေ တက်ခွင့်ရတာပေါ့” တဲ့။

မှန်ပါတယ်။ မငြင်းပါဘူး။

ဒါပေမယ့် ကျွန်တော်တို့အခက်အခဲကျတော့လည်း ကျွန်တော်တို့ပဲ သိပါတယ်။ ကျောင်းသူကျောင်းသားတချို့ဟာ စတက်ကတည်းက ၀ါသနာပါလို့ တက်ခဲ့ကြတာ မဟုတ်ဘူး။ ဂုဏ်ရှိချင်လို့ဆိုပြီး အိမ်ကတက်ခိုင်းလို့ တက်ခဲ့ကြတာ။ ဒါ မတက်ချင်လို့ မင်း ဘာဝါသနာပါလဲ လာမေးရင်လည်း မဖြေနိုင်ကြဘူး။ ဘာလို့ဆိုတော့ ငယ်ငယ်ကတည်းက စာတော်ဖို့၊ အမှတ်ကောင်းဖို့သာ ရည်ရွယ်ပြီး ပျိုးထောင်ခံခဲ့ရတာလေ။ ကိုယ့်ဝါသနာ ကိုယ်သိအောင် ပျိုးထောင်ပေးမှုမျိုးမှ မရှိခဲ့တာ။
အဲဒီတော့ အရွယ်နည်းနည်းရောက်လာ၊ အိမ်က နည်းနည်းလွတ်လပ်ခွင့်ပေးလာမှ ဟိုလုပ်ကြည့်၊ ဒီလုပ်ကြည့်နဲ့ ကိုယ့်ဝါသနာကိုယ်တွေ့လာရော။ ဒီအခါ နီနီခင်ဇော် ဖြစ်တဲ့သူက ဖြစ်၊ (ဆရာမ)ဂျူး ဖြစ်တဲ့သူက ဖြစ်၊ ဆေးရုံပိုင်ရှင်ဖြစ်သူက ဖြစ်၊ ဖြစ်သွားကြတာပေါ့။

တကယ်ဆို ဒီပြဿနာတွေက သူတို့ဆီမှာမှ ရှိတာမဟုတ်ဘူး။ လူငယ်အများစုမှာ ရှိနေကြတာ။ ဘာဝါသနာပါမှန်း မသိဘူး။ သိတော့လည်း လက်ရှိလုပ်နေတဲ့အလုပ်ကို စွန့်လွှတ်ပြီး မလုပ်ရဲဘူး။ ဘာလို့ဆိုတော့ မိသားစုက ရှိသေးတယ်လေ။ အဲဒီလိုနဲ့ ကိုယ်မပျော်ရွှင်တဲ့အလုပ်မှာ လုပ်ရင်း လူငယ်တွေရဲ့ သရုပ်သကန်ဖြစ်တဲ့ ဖျတ်လတ်တက်ကြွမှုတွေ၊ ရဲရင့်မှုတွေ၊ တီထွင်ကြံဆမှုတွေ ပျောက်ကုန်ကြရတယ်။

အဲဒီလိုလူငယ်တွေအတွက် တစ်စုံတစ်ရာ အကျိုးရှိစေဖို့ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်း ကျွန်တော်မိတ်ဆက်ပေးလိုပါတယ်။

ရင်းနှီးသူတွေက သူ့ကိုGG လို့ခေါ်ကြတယ်၊၊ ကျွန်တော်တို့အဖွဲ့အစည်းက ဆရာမလေးတွေနဲ့ သူငယ်ချင်းပေါ့။ သူ့ရဲ့ GG Beauty Passion ဆိုတဲ့ Page လေး စလုပ်တဲ့အခါမှာ သူ့သူငယ်ချင်းတွေ ၀ိုင်းအားပေးကြရင်း ကျွန်တော် စသိခဲ့တာ။ လက်ရှိမိတ်ကပ်ပြင်တာ၊ Class တွေ ဖွင့်တာအပြင် “Blogger တစ်ယောက်ဖြစ်လာဖို့ကလည်း သူ့အိပ်မက်ပဲ” ဆိုတဲ့စကားက ကျွန်တော့်ကို သတိထားမိစေခဲ့ပါတယ်။ ဘာလို့ဖြစ်ချင်တာလဲ ဆိုတော့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ဝေမျှချင်လို့၊ သူများတွေကို လှစေချင်လို့ တဲ့၊၊

သူက မကွေးသူ၊ မန္တလေးသူနာပြုတက္ကသိုလ်ဆင်း၊ ဒါပေမယ့် သူနာပြုအလုပ်ကို ဆက်မလုပ်တော့ဘူး။

ဘာဖြစ်လို့လဲ။

သူ့ဝါသနာ သူသိသွားလို့ပါပဲ။ ငယ်ငယ်ကတည်းက အလှအပဆို စိတ်ဝင်စားတယ်။ အင်တာနက်ကနေ ရသလောက်လေ့လာတယ်။ သူငယ်ချင်းတွေကို ပြင်ပေးတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သူ့ကိုယ်သူ သဘောပေါက်လာတယ်။ နောက်ဆုံး ဒီအလုပ်နဲ့ အသက်မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီမှာတင် ပြဿနာစလာတယ်။ ဘာလဲဆိုတော့ မိဘက ခွင့်မပြုတာပဲ။ နယ်မိသားစုတွေ ဖြစ်တာကြောင့် ‘သမီးလေးက သူနာပြုလေ၊ ဘယ်ဆေးရုံမှာ လုပ်နေတာ’ ဆိုတာကို သိပ်ဂုဏ်ယူတယ်။ မိတ်ကပ်ပညာရှင် ဆိုတာကို အလုပ်လို့ကို မထင်ဘူး။ အဲဒီအခါမှာ မိဘနားလည်အောင် ကြိုးစားရှင်းပြရတယ်။

အခက်အခဲက ဒါတင်ပဲလားဆိုတော့ မဟုတ်ဘူး။ စာရေးတဲ့အလုပ်ကို လုပ်မယ်ဆိုရင် နာမည်တစ်ခု မရခင် ရင်းနှီးရတာဆိုလို့ စာရွက်နဲ့ ဘောလ်ပင်ပဲ ရှိတယ်။ ကွန်ပျူတာ ၀ယ်နိုင်မှ စာရေးလို့ရတာ မဟုတ်ဘူး။ ဒါပေမယ့် မိတ်ကပ်ပညာရှင်အလုပ်ကျတော့ ဘယ်သူ့ကိုမှ ပြင်မပေးရသေးဘူး၊ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ အရင်ဝယ်ရတယ်။ နောက် အလှအပနဲ့ပတ်သက်တာ ဖြစ်တာကြောင့် ဈေးပေါပေါ အရည်အသွေးနိမ့်နိမ့်တွေလည်း သုံးလို့မရဘူး။ အဲဒီတော့ မိဘထောက်ခံမှုနည်းတဲ့ သူ့အတွက်က တကယ့်စိန်ခေါ်မှုတစ်ခုလို ဖြစ်လာခဲ့တယ်။ သူတကယ် သင်တန်းတွေတက်၊ တအားကြိုးစားတာ မြင်လာတဲ့နောက်ပိုင်းမှာတော့ မိဘကလည်း တဖြည်းဖြည်း လက်ခံပေးလာခဲ့တယ်။

နောက်ဆုံးမှာတော့ သတ္တိရှိရှိနဲ့ပဲ ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်တယ်။ မိတ်ကပ်နဲ့ ပတ်သက်တဲ့ Class တစ်ခု သူအခြေချရာ မန္တလေးမှာ စလုပ်လိုက်ရာကနေ Customer တွေ စရလာတယ်။ သူ့ရဲ့ Passion ၊ သူ့ရဲ့ စေတနာ၊ သူ့ရဲ့ အရည်အချင်းကို မြင်လာသူတွေက အားပေးလာတယ်။ ဒီလိုနဲ့ ဒီပရော်ဖက်ရှင်ကို ရွေးချယ်ပြီး ခုလို (၁)နှစ်ကျော်လောက် ကြာလာတဲ့အခါမှာ နေရာလေးတစ်ခု ရလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အပြိုင်အဆိုင်များလှတဲ့ ဒီခေတ်မှာ သူလျှောက်ရမယ့် ခရီးက အများကြီးကျန်သေးတယ်ပဲ ဆိုရမှာပါ။

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်ကတော့ အဲ့လိုကိုယ့်ဝါသနာ၊ ကိုယ့် Passion နောက်ကို ဘာအခက်အခဲကိုမှ မမှုဘဲ ရဲရဲဝံ့ဝံ့ လိုက်ရဲတဲ့ လူငယ်တစ်ယောက်အဖြစ် သူ့ကို လေးစားမိတယ်။ သူ့လိုပဲ ကိုယ့်ဝါသနာကို သိနေရက်နဲ့ လက်ရှိအနေအထားကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတဲ့ လူငယ်တွေကိုလည်း အကြံဉာဏ်ပေးလိုပါတယ်။

ကိုယ်လုပ်ချင်တာကို မိဘက ခွင့်မပြုဘူးတဲ့လား။

ကိုယ်တကယ်ကြိုးစားနေတယ်၊ ကိုယ်တကယ်လုပ်နိုင်တယ်ဆိုတာကိုသာ သက်သေပြလိုက်ပါ။ အဲဒါဟာ ခွင့်မပြုတဲ့ မိဘကို ခေါင်းငြိမ့်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

နောက်ပြီး ဖြစ်ပါ့မလားဆိုပြီးလည်း ကြောက်မနေပါနဲ့။ ခြေလှမ်းတစ်လှမ်းလောက် စကြည့်လိုက်ပါ၊ ကိုယ့်ရဲ့ စိတ်ဓါတ်ပြင်းပြမှု၊ အရည်အချင်းနဲ့ စေတနာကို လူတွေမြင်လာတဲ့အခါ ကိုယ့်ကို ၀န်းရံပေးကြပါလိမ့်မယ်။
တေးရေးဆရာတွေ၊ ပရိုဂျူဆာတွေနဲ့ သိလို့ တင်ဇာမော် ဖြစ်လာတာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ Talent ကို အရင်ထုတ်ပြနိုင်ခဲ့လို့ သင်ပြပေးမယ့်သူတွေ၊ ကူညီပေးမယ့်သူတွေ၊ အလုပ်တွဲလုပ်ချင်တဲ့သူတွေ ပေါ်လာတာပါ။

ဘာမှလုပ်မပြသေးဘဲနဲ့တော့ အကူအညီတွေ ရလာမယ် မထင်ပါနဲ့။ ဒီလိုပဲ အစစအရာရာ အဆင်သင့်ဖြစ်မှ ထလုပ်မယ်လို့လည်း တွေးမနေပါနဲ့။ အဲဒီလိုသာ စောင့်နေရင် ကိုယ့်အိပ်မက်တွေ Expire ဖြစ်ကုန်ပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၄.၂၀၁၇

2K Shares
Share2K
Tweet
+1
Share