ILOC သမားလား ... ELOC သမားလား - ဒေါက်တာ ဖြိုးသီဟ

ILOC သမားလား … ELOC သမားလား

ILOC ဆိုတာက Internal Locus of Control ကို ဆိုလိုတယ်၊ ELOC ကတော့ External Locus of Control ပေါ့။ စီမံခန့်ခွဲမှုအပိုင်းနဲ့ ပတ်သက်တာတွေ မပြောတော့ဘူး။ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တာကိုပဲ ပြောပါမယ်။

သဘောတရားကတော့ အကြောင်းအရာတစ်ခုအပေါ် ထိန်းချုပ်လွှမ်းမိုးနေတဲ့အရာက အတွင်းပိုင်းမှာ (ကိုယ့်မှာ) ရှိတယ်လို့ ယုံကြည်တယ်ဆိုရင် အဲဒီလူကို ILOC သမား၊ ပြင်ပအကြောင်းအရာတွေကြောင့်လို့ ယူဆတယ်ဆိုရင် ELOC သမားလို့ သတ်မှတ်နိုင်တယ်။

ဥပမာ ၀နေတဲ့လူ(၂)ယောက် ရှိတယ်ဆိုကြပါစို့။ ILOC သမားက ငါ ၀နေတာ အစားများလို့၊ ကိုယ်လက်လှုပ်ရှား မလုပ်လို့၊ အဆီအအိမ့် အစားများလို့ စသဖြင့် ဒီလိုမြင်တဲ့အချိန်မှာ ELOC သမားက ငါ ၀မှာပေါ့၊ အိမ်က ဟင်းချက်လိုက်ရင်လည်း ဆီတွေချည်းပဲ၊ အပြင်စာတွေကလည်း ဆီတွေကို နင့်လို့၊ ဒီကြားထဲ အပေါင်းအသင်းတွေကလည်း အပြင်ထွက်စားဖို့ ခဏခဏ လာလာခေါ်နေတော့ ငါလည်း ၀ပြီပေါ့ စသဖြင့် ဒီလိုတွေးတယ်။ သူ ဒီလိုဝနေတာမှာ သူ့အပြစ်ကတော့ တစ်ပြားသားမှ မပါဘူး။

အဲဒီလို တွေးပုံတွေးနည်းကွာတော့ လုပ်ပုံလုပ်နည်းလည်း ကွာတယ်။ တစ်ယောက်က ကိုယ့်အပြစ်ကိုယ်မြင်ပြီး ၀ိတ်ချဖို့ ကြိုးစားနေတဲ့အချိန်မှာ နောက်တစ်ယောက်ကတော့ ပတ်ဝန်းကျင်ကို အပြစ်တင်ရင်းနဲ့ ၀ိတ်က ပိုပိုပြီး တက်လာတော့တယ်။

ဒါက အလှအပရေးရာမို့လို့၊ ဒီထက်ပိုအရေးကြီးတာတွေ လာပါဦးမယ်

  • အောင်မြင်သူတစ်ယောက်ကို တွေ့တဲ့အခါ …

ILOC သမားက အဲဒီလူရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို မြင်ပြီး အားကျတယ်။ ELOC သမားက ကံကောင်းလို့ သူအောင်မြင်တာလို့ သတ်မှတ်တယ်။

  • အဆင်မပြေတာတစ်ခု၊ ရှုံးနိမ့်မှုတစ်ခု ကြုံလာပြီဆို …

ILOC သမားက အရင်ဆုံး ကိုယ့်အားနည်းချက်ကိုယ်ရှာတယ်။ ELOC သမားက ပတ်ဝန်းကျင်ကို လက်ညှိုးထိုးတယ်။

  • အမှားတစ်ခု လုပ်မိတဲ့အခါ …

ILOC သမားက အဲဒီအမှားကနေ သင်ခန်းစာယူတယ်။ ELOC သမားကတော့ အပြစ်ပြောစရာ လူရှာတယ်။

  • မကျွမ်းကျင်တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ဆုံရတဲ့အခါ …

တစ်ယောက်က သူ့ကို တတ်ကျွမ်းအောင် သင်ပေးရမှာ ငါ့တာဝန်ပဲလို့ ခံယူပြီး Capacity development ကို ကြိုးစားလုပ်တယ်။ နောက်တစ်ယောက်ကတော့ ဒါလေးတောင် မတတ်ရကောင်းလားဆိုပြီး ပြစ်တင်ကြိမ်းမောင်းတယ်။

  •  ပြဿနာတစ်ခု ကြုံရတဲ့အခါ …

ILOC သမားက ဖြေရှင်းနည်းပါ တင်လာတယ်။ ELOC သမားကတော့ ပြဿနာသက်သက်ကိုသာ တင်လာပြီး အထက်က ပြန်ပေးမယ့် ညွှန်ကြားချက်ကို စောင့်တယ်။

ILOC သမားက ဘယ်အချိန်ကြည့်ကြည့် တက်ကြွနေတယ်၊ တာဝန်ယူရဲတယ်၊ တာဝန်ခံရဲတယ်။ ELOC သမားကတော့ မလုပ် မရှုပ် မပြုတ်။ ပေါ်လာသမျှတာဝန်အကုန် ဘော်လီဘောပုတ်နေတယ်။

  • တာဝန်တစ်ခု ပေးလိုက်တဲ့အခါ …

ILOC သမားက အလုပ်ဖြစ်အောင်လုပ်တယ်။ ELOC သမားကတော့ အဖြစ်သာသာ လုပ်တယ်။

မအောင်မြင်လာခဲ့ရင်တောင် တစ်ယောက်က အကြောင်းရင်းကို ရှာလာတယ်၊ နောက်တစ်ခါ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ကတိကိုပေးတယ်။ ကျန်တဲ့တစ်ယောက်ကတော့ အကြောင်းပြချက် ရှာလာတယ်၊ ပြီးရင် နေသာသလိုနေတယ်။

အဲဒီလိုနဲ့ အချိန်တွေကြာလာတဲ့အခါမှာ တစ်ယောက်က အရွယ်နဲ့မလိုက်တဲ့ အရည်အချင်းတွေ ရသွားပြီး ကျန်တဲ့တစ်ယောက်ကတော့ ပတ်ဝန်းကျင်ကို လက်ညှိုးထိုးရင်း အပြစ်တွေတင်၊ ညည်းညူရင်းနဲ့သာ ဒုံရင်းဒုံရင်း ရှိနေရတော့တယ်။ အသက်သာကြီးသွားတယ်၊ သူ့ရဲ့ အရည်အချင်းနဲ့ ရင့်ကျက်မှုက ကြီးမလာဘူး၊ လိုက်တက်မလာဘူး။

ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားခဲ့ရတယ်၊ မပြည့်မစုံ ကြီးပြင်းခဲ့ရတယ်၊ ဒါတွေကြောင့် ကိုယ်မအောင်မြင်တာလို့ မတွေးပါနဲ့၊ ကိုယ်မအောင်မြင်တာဟာ ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိနေလို့ ဖြစ်ပါတယ်။ အဲဒါကို မြင်အောင်ကြည့်ပါ။

အရည်အချင်း အားနည်းတဲ့သူတွေနဲ့ တွဲလုပ်ရလို့ ကိုယ်ပါမအောင်မမြင် ဖြစ်သွားတယ် မတွေးပါနဲ့၊ သူတို့ကို ကျွမ်းကျင်လာအောင် မလုပ်ပေးနိုင်ခဲ့တဲ့ ကိုယ့်အားနည်းချက်ကို မြင်အောင်ကြည့်ပါ။

ပတ်ဝန်းကျင်ဟာ အရေးမကြီးဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီပတ်ဝန်းကျင်ကိုပဲ အကြောင်းပြရင်း ကိုယ့်မှာရှိနေတဲ့ ပြင်ဆင်စရာတွေကို မမြင်နိုင်ကြတော့မှာကို စိုးရိမ်မိတာပါ။

တကယ်တော့ ကိုယ့်ရဲ့ အနာဂတ်နဲ့ ကိုယ့်ဘ၀ကို အဓိက Control လုပ်နေသူဟာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၃.၄.၂၀၁၆

3K Shares