ဒုတိယဘုရားသခင္ တဲ့လား

(Zawgyi)

သက္ငယ္မုဒိမ္းမႈတစ္ခု ျဖစ္တယ္။ ထံုးစံအတုိင္းပဲ။ ျပဳက်င့္ခံရသူ ကေလးဘက္က ဆင္းရဲတယ္၊ ျပဳက်င့္သူက သူတို႕ထက္ေတာ့ ပိုက္ဆံရွိတယ္။ သက္ေသရွာမရရင္ ဒီအတုိင္း ျပီးသြားမယ္။ ရွာလို႕ရရင္ ေလ်ာ္ေၾကးနဲ႕ ေက်ေအးဖို႕ ကမ္းလွမ္းမယ္။ ကုိယ္က အမွန္တရားဘက္ေတာ္သားမို႕ ဒီကေလးမိသားစုကို ေလ်ာ္ေၾကး လက္မခံေစခ်င္ဘူး။ ေထာင္က်တဲ့အထိ ရင္ဆုိင္ေစခ်င္တယ္။ အဲဒီလို အတုိက္အခံေတြမ်ား လုပ္ေနရင္ အဲဒီကေလးမိသားစုကုိယ္တုိင္က ေျပာလာလိမ့္မယ္၊ ခင္ဗ်ားနဲ႕ ဘာဆုိင္လို႕ ၀င္နာေနတာလဲ တဲ့။

ဘာလို႕လဲ။ အမႈဆက္ရင္ဆုိင္ေနရင္ ပုိက္ဆံကုန္မယ္။ ခဏေလး၊ မဟုတ္ေသးဘူး၊ ကုန္စရာ ပုိက္ဆံကိုမရွိတာ။ ေနာက္ျပီး အဲဒီေလ်ာ္ေၾကးေငြ ၁၀ သိန္းဆိုတာက တစ္ဖက္အတြက္ မေျပာပေလာက္ေပမယ့္ သူတို႕အတြက္က် တစ္သက္နဲ႕တစ္ကုိယ္ တစ္ခါမွမကုိင္ဖူးတဲ့ ေငြပမာဏ ျဖစ္ေနတယ္။ တစ္ခါကေတာ့ ေျပာသံၾကားဖူးတယ္၊ ဒီအိမ္ေလး ျပင္ေဆာက္ထားတာ သမီးေလး ဟိုကိစၥျဖစ္တုန္းကေလ တ့ဲ။ ေၾသာ္ လို႕ပဲ စုတ္သပ္ႏုိင္ေတာ့တယ္။ စုတ္မသပ္လို႕ အဲဒီကေလးရဲ႕ မိသားစုကို မွားတယ္ေျပာမွာလား။ ဒါမွမဟုတ္ ဥပေဒအေၾကာင္းေတြ သြားသင္ေပးမွာလား။ ကုိယ္ဆုိရင္ေရာ စဥ္းစားပါဦး၊ ေလ်ာ္ေၾကးယူမလား၊ အမႈဆက္ရင္ဆုိင္မလားလို႕။

တကယ္က ရွင္းတယ္။ တစ္ဖက္က သူတို႕မွာေပါတဲ့ ေငြကုိ ေပးတယ္။ ကေလးေလးရဲ႕ဘ၀ကို ယူတယ္။ တစ္ဖက္ကလည္း သူတို႕မွာေပါတဲ့ “ကေလးရဲ႕ဘ၀”ကုိ ေပးလိုက္တယ္။ သူတုိ႕မွာမရွိတဲ့ “ေငြေၾကး”ကို ေလ်ာ္ေၾကးအျဖစ္ ျပန္လက္ခံတယ္။

အဲဒီလိုနဲ႕ ၾကာေတာ့ ဘာျဖစ္လာလဲ။ ဒါေလးမ်ား ေလ်ာ္ေၾကးေပးလိုက္ ဆုိျပီး ျဖစ္လာတယ္။ အသက္ေတြ တန္ဖိုးမဲ့လာတယ္။ ဘ၀ေတြ ေစ်းေပါလာတယ္။ လူသားဆုိတဲ့ တန္ဖိုးေတြ ေပ်ာက္ဆံုးလာတယ္။

တရားဥပေဒ စုိးမုိးမႈအားနည္းေနတဲ့အခ်ိန္မွာ ဆင္းရဲခ်မ္းသာက ကြာဟျပန္ေတာ့ ကၽြန္ေတာ္တုိ႕အတြက္ အကာအကြယ္ဆုိတာ ပိုက္ဆံပဲ။ ပိုက္ဆံရွိရင္ အႏုိင္ယူလုိ႕ရတယ္။ ပုိက္ဆံရွိရင္ လူရာ၀င္တယ္။ ပုိက္ဆံရွိမွ ကိုယ့္ဘ၀ လံုျခံဳႏုိင္မယ္။

စိတ္ၾကြေဆးျပားတစ္ျပား ခင္ဗ်ားအိတ္ထဲမွာ မိတယ္။ ေထာင္က်လိမ့္မယ္။ ျခံထဲမွာ အမ်ားၾကီးမိတယ္။ ပုိင္ရွင္မဲ့ ျဖစ္သြားတယ္။ ဘာလုိ႕လဲ။ အျပားအေရအတြက္နဲ႕ ဆုိင္တာလား။ မဟုတ္ဘူး။ ဆင္းရဲ ခ်မ္းသာနဲ႕ဆုိင္တာ။

ရန္ပြဲမွာ လက္လြန္ျပီး သတ္မိသြားတယ္။ ေငြရွိလား။ ေက်ေအးေပးလုိက္မယ္။ သိပ္ျပီး ေပၚေပၚထင္ထင္ ျဖစ္သြားရင္ေတာ့ Win-Win ျဖစ္ေအာင္ အထဲ ခဏေတာ့ အ၀င္ျပေပးေပါ့။

လမ္းစည္းကမ္း ေဖာက္မိသလား။ ရတယ္၊ ေငြရွိရင္ ရွင္းလုိ႕ရတယ္။ ခင္ဗ်ားကို စဖမ္းကတည္းကလည္း စည္းကမ္းေကာင္းေစခ်င္လို႕ ဖမ္းတာမဟုတ္ဘူး။

ငယ္ငယ္က ၾကည္႕ခဲ့ဖူးတဲ့ ေပါင္ခ်ိန္ကားေလးကုိ အျမဲသတိရတယ္။ ေၾသာ္ အဲဒီကားထဲက ျပည္သူေတြရဲ႕ ဘ၀မ်ား လံုျခံဳလုိက္တာ။ ဥပေဒဆုိတာ ျပည္သူကုိ ကာကြယ္ဖုိ႕ ဆုိတဲ့ စကားက အဲဒီမွာ သြားျဖစ္ေနတာ။ ဟုတ္တယ္ေလ၊ ဘယ္သူက ဥပေဒမဲ့လုပ္သလဲ၊ ဘုရင့္အမ်ိဳးက လုပ္သြားလည္း အျပစ္ေပးခံရတာပဲ၊ အင္မတန္ ပိုက္ဆံရွိတဲ့ သူေဌးၾကီးက က်ဴးလြန္လည္း အျပစ္ေပးတာပဲ။ တရားဥပေဒ စိုးမုိးတယ္ ဆုိတာ အဲဒါကို ေျပာတာ။ ဘယ္သူက လုပ္သည္ျဖစ္ေစ၊ ဒီဥပေဒအတုိင္းပဲ။ ဆုိေတာ့ ျပည္သူေတြဟာ ဘယ္သူ႕မွ ေၾကာက္ေနစရာ မလိုသလို ဘယ္သူကမွလည္း အလြယ္တကူ အႏုိင္မက်င့္ရဲဘူး။

ႏွစ္ေပါင္းမ်ားစြာ ဥပေဒနဲ႕ အုပ္ခ်ဳပ္မခံရဘဲ ဥပေဒမဲ့ အုပ္ခ်ဳပ္ခံခဲ့ရတယ္။ ဒီလိုနဲ႕ ေျပာင္းလဲခ်ိန္တန္ျပီ ဆုိျပီး အစိုးရသစ္ တက္လာတယ္။ ခုခ်ိန္ထိေတာ့ သူတုိ႕ကလြဲရင္ ေျပာင္းလဲသြားတာ သိပ္မေတြ႕ရေသးဘူး။ အဓိကျပႆနာ ဘာလဲဆုိရင္ေတာ့ ႏွစ္ေပါင္းမ်ားစြာ တည္ေဆာက္ထားတဲ့ အာဏာရွင္တံတုိင္းကုိ ျဖိဳမယ္ဆုိျပီး ၾကက္ဥနဲ႕ေပါက္ဖို႕ ၾကိဳးစားေနၾကတာပဲလို႕ တစ္ခြန္းတည္းပဲ ေျဖခ်င္တယ္။

တရားဥပေဒ စိုးမုိးမႈမရွိျခင္း၊ ဆင္းရဲခ်မ္းသာ ကြာဟျခင္းတုိ႕ကုိ စီမံခန္႕ခြဲမႈအလြဲေတြက ထပ္အားျဖည္႕ေပးတယ္။

YBS ကို စိတ္ရွည္ရွည္နဲ႕ ေစာင့္ၾကည္႕ခုိင္းဖို႕ ကုိယ့္မွာ ကိုယ္ပုိင္ကား ရွိမွရမယ္။

System breakdown ကို နားလည္ေပးႏုိင္ဖို႕ ကုိယ့္မွာ မီးစက္ရွိရမယ္။

အစမ္းသပ္ခံ ပညာေရးရဲ႕ ဆုိးက်ိဳးကို မခံခ်င္ရင္ ကုိယ့္သားသမီးေတြကို International School ထားႏုိ္င္မွရမယ္။

ဒီအခါ ကၽြန္ေတာ္တုိ႕၊ ခင္ဗ်ားတို႕ေတြ ေငြေၾကးရဲ႕ စြဲေဆာင္မႈဒဏ္ကို ဘယ္လိုေတာင့္ခံမလဲ။ ကၽြန္ေတာ္တို႕ရဲ႕ ကေလးေတြကုိေရာ ဘယ္လိုသင္ေပးမလဲ။ ကုိယ့္သိကၡာ၊ ကုိယ့္အလွ၊ ကုိယ့္ခႏၶာကုိယ္ကုိ ေငြနဲ႕မလဲဖို႕ သမီးေတြကို ဘယ္လိုဆံုးမမလဲ။ ရုိးရုိးသားသား သမၼာအာဇီ၀အလုပ္နဲ႕ ေငြရွာဖို႕ သားေတြကုိ ဘယ္လိုေျပာမလဲ။

သူတုိ႕က ျပန္ေျပာမွာေပါ့။ ကုိယ္က်င့္တရားဆုိတာၾကီးက ဗုိက္မျပည္႕ဘူးေလ။ ကုိယ္ေနထုိင္မေကာင္းရင္ ကုေပးမွာ အက်င့္စာရိတၱ မဟုတ္ဘူး။ ျပႆနာ ျဖစ္လာရင္ ရွင္းေပးမွာ က်င့္၀တ္ေစာင့္ထိန္းမႈ မဟုတ္ဘူး။ ဒီေတာ့ Moral value ေတြ မရွိေတာ့ဘူး။ လူတစ္ေယာက္ရဲ႕ အဆင့္အတန္း ဆုိတာ ပိုက္ဆံ ဘယ္ေလာက္ရွိသလဲ ျဖစ္လာတယ္။

တစ္ခါတစ္ေလေတာ့ သိခ်င္မိတယ္။ ခရိုနီ ခရိုနီနဲ႕ ဆဲေနၾကေပမယ့္ အဲဒီခရိုနီကမ်ား အလုပ္တြဲလုပ္မယ္ဆုိ ျငင္းမယ့္လူ ၁၀၀ မွာ ဘယ္ႏွေယာက္ရွိသလဲ။ အဲဒီခရိုနီက ကိုယ့္သမီးကုိ ၾကိဳက္တယ္ဆုိ ျငင္းမယ့္မိဘ ဘယ္ႏွေယာက္ ရွိသလဲ။ သိခ်င္ရံုပါ။ မျငင္းလည္း အျပစ္မတင္ပါဘူး။ ကုိယ္ဆုိလည္း ျငင္းႏုိင္ပါ့မလား မေသခ်ာဘူး။ ဘာလုိ႕ဆိုေတာ့ ခင္ဗ်ားတုိ႕ ကၽြန္ေတာ္တုိ႕က ဒီအခ်ိန္ ဒီအခါမွာမွ လူျဖစ္လာၾကတာကုိး။

လူေတြက ေျပာၾကတယ္။ ေငြဆိုတာ ဒုတိယဘုရားသခင္တဲ့၊ အရာရာ ဖန္ဆင္းေပးႏုိင္သတဲ့ေလ။
ဟင့္အင္း၊ မွားပါတယ္။ ကုိယ္က်င့္သိကၡာကို တန္ဖုိးထားျပီး သီလေတြ က်င့္၀တ္ေတြကုိ ေစာင့္ထိန္းရမယ္ ဆုိတဲ့ ကၽြန္ေတာ္တုိ႕ ျမန္မာႏုိင္ငံမွာေတာ့ ေငြဟာ ဒုတိယဘုရားသခင္ မဟုတ္ပါဘူး။ အဲဒီထက္ကုိ ပုိပါတယ္။

ေဒါက္တာျဖိဳးသီဟ
၁၀.၁.၂၀၁၈

(Unicode)

သက်ငယ်မုဒိမ်းမှုတစ်ခု ဖြစ်တယ်။ ထုံးစံအတိုင်းပဲ။ ပြုကျင့်ခံရသူ ကလေးဘက်က ဆင်းရဲတယ်၊ ပြုကျင့်သူက သူတို့ထက်တော့ ပိုက်ဆံရှိတယ်။ သက်သေရှာမရရင် ဒီအတိုင်း ပြီးသွားမယ်။ ရှာလို့ရရင် လျော်ကြေးနဲ့ ကျေအေးဖို့ ကမ်းလှမ်းမယ်။ ကိုယ်က အမှန်တရားဘက်တော်သားမို့ ဒီကလေးမိသားစုကို လျော်ကြေး လက်မခံစေချင်ဘူး။ ထောင်ကျတဲ့အထိ ရင်ဆိုင်စေချင်တယ်။ အဲဒီလို အတိုက်အခံတွေများ လုပ်နေရင် အဲဒီကလေးမိသားစုကိုယ်တိုင်က ပြောလာလိမ့်မယ်၊ ခင်ဗျားနဲ့ ဘာဆိုင်လို့ ၀င်နာနေတာလဲ တဲ့။

ဘာလို့လဲ။ အမှုဆက်ရင်ဆိုင်နေရင် ပိုက်ဆံကုန်မယ်။ ခဏလေး၊ မဟုတ်သေးဘူး၊ ကုန်စရာ ပိုက်ဆံကိုမရှိတာ။ နောက်ပြီး အဲဒီလျော်ကြေးငွေ ၁၀ သိန်းဆိုတာက တစ်ဖက်အတွက် မပြောပလောက်ပေမယ့် သူတို့အတွက်ကျ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမကိုင်ဖူးတဲ့ ငွေပမာဏ ဖြစ်နေတယ်။ တစ်ခါကတော့ ပြောသံကြားဖူးတယ်၊ ဒီအိမ်လေး ပြင်ဆောက်ထားတာ သမီးလေး ဟိုကိစ္စဖြစ်တုန်းကလေ တဲ့။ သြော် လို့ပဲ စုတ်သပ်နိုင်တော့တယ်။ စုတ်မသပ်လို့ အဲဒီကလေးရဲ့ မိသားစုကို မှားတယ်ပြောမှာလား။ ဒါမှမဟုတ် ဥပဒေအကြောင်းတွေ သွားသင်ပေးမှာလား။ ကိုယ်ဆိုရင်ရော စဉ်းစားပါဦး၊ လျော်ကြေးယူမလား၊ အမှုဆက်ရင်ဆိုင်မလားလို့။

တကယ်က ရှင်းတယ်။ တစ်ဖက်က သူတို့မှာပေါတဲ့ ငွေကို ပေးတယ်။ ကလေးလေးရဲ့ဘဝကို ယူတယ်။ တစ်ဖက်ကလည်း သူတို့မှာပေါတဲ့ “ကလေးရဲ့ဘဝ”ကို ပေးလိုက်တယ်။ သူတို့မှာမရှိတဲ့ “ငွေကြေး”ကို လျော်ကြေးအဖြစ် ပြန်လက်ခံတယ်။

အဲဒီလိုနဲ့ ကြာတော့ ဘာဖြစ်လာလဲ။ ဒါလေးများ လျော်ကြေးပေးလိုက် ဆိုပြီး ဖြစ်လာတယ်။ အသက်တွေ တန်ဖိုးမဲ့လာတယ်။ ဘဝတွေ စျေးပေါလာတယ်။ လူသားဆိုတဲ့ တန်ဖိုးတွေ ပျောက်ဆုံးလာတယ်။

တရားဥပဒေ စိုးမိုးမှုအားနည်းနေတဲ့အချိန်မှာ ဆင်းရဲချမ်းသာက ကွာဟပြန်တော့ ကျွန်တော်တို့အတွက် အကာအကွယ်ဆိုတာ ပိုက်ဆံပဲ။ ပိုက်ဆံရှိရင် အနိုင်ယူလို့ရတယ်။ ပိုက်ဆံရှိရင် လူရာဝင်တယ်။ ပိုက်ဆံရှိမှ ကိုယ့်ဘဝ လုံခြုံနိုင်မယ်။

စိတ်ကြွဆေးပြားတစ်ပြား ခင်ဗျားအိတ်ထဲမှာ မိတယ်။ ထောင်ကျလိမ့်မယ်။ ခြံထဲမှာ အများကြီးမိတယ်။ ပိုင်ရှင်မဲ့ ဖြစ်သွားတယ်။ ဘာလို့လဲ။ အပြားအရေအတွက်နဲ့ ဆိုင်တာလား။ မဟုတ်ဘူး။ ဆင်းရဲ ချမ်းသာနဲ့ဆိုင်တာ။

ရန်ပွဲမှာ လက်လွန်ပြီး သတ်မိသွားတယ်။ ငွေရှိလား။ ကျေအေးပေးလိုက်မယ်။ သိပ်ပြီး ပေါ်ပေါ်ထင်ထင် ဖြစ်သွားရင်တော့ Win-Win ဖြစ်အောင် အထဲ ခဏတော့ အဝင်ပြပေးပေါ့။

လမ်းစည်းကမ်း ဖောက်မိသလား။ ရတယ်၊ ငွေရှိရင် ရှင်းလို့ရတယ်။ ခင်ဗျားကို စဖမ်းကတည်းကလည်း စည်းကမ်းကောင်းစေချင်လို့ ဖမ်းတာမဟုတ်ဘူး။

ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ပေါင်ချိန်ကားလေးကို အမြဲသတိရတယ်။ သြော် အဲဒီကားထဲက ပြည်သူတွေရဲ့ ဘဝများ လုံခြံုလိုက်တာ။ ဥပဒေဆိုတာ ပြည်သူကို ကာကွယ်ဖို့ ဆိုတဲ့ စကားက အဲဒီမှာ သွားဖြစ်နေတာ။ ဟုတ်တယ်လေ၊ ဘယ်သူက ဥပဒေမဲ့လုပ်သလဲ၊ ဘုရင့်အမျိုးက လုပ်သွားလည်း အပြစ်ပေးခံရတာပဲ၊ အင်မတန် ပိုက်ဆံရှိတဲ့ သူဌေးကြီးက ကျူးလွန်လည်း အပြစ်ပေးတာပဲ။ တရားဥပဒေ စိုးမိုးတယ် ဆိုတာ အဲဒါကို ပြောတာ။ ဘယ်သူက လုပ်သည်ဖြစ်စေ၊ ဒီဥပဒေအတိုင်းပဲ။ ဆိုတော့ ပြည်သူတွေဟာ ဘယ်သူ့မှ ကြောက်နေစရာ မလိုသလို ဘယ်သူကမှလည်း အလွယ်တကူ အနိုင်မကျင့်ရဲဘူး။

နှစ်ပေါင်းများစွာ ဥပဒေနဲ့ အုပ်ချုပ်မခံရဘဲ ဥပဒေမဲ့ အုပ်ချုပ်ခံခဲ့ရတယ်။ ဒီလိုနဲ့ ပြောင်းလဲချိန်တန်ပြီ ဆိုပြီး အစိုးရသစ် တက်လာတယ်။ ခုချိန်ထိတော့ သူတို့ကလွဲရင် ပြောင်းလဲသွားတာ သိပ်မတွေ့ရသေးဘူး။ အဓိကပြဿနာ ဘာလဲဆိုရင်တော့ နှစ်ပေါင်းများစွာ တည်ဆောက်ထားတဲ့ အာဏာရှင်တံတိုင်းကို ဖြိုမယ်ဆိုပြီး ကြက်ဥနဲ့ပေါက်ဖို့ ကြိုးစားနေကြတာပဲလို့ တစ်ခွန်းတည်းပဲ ဖြေချင်တယ်။

တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ ဆင်းရဲချမ်းသာ ကွာဟခြင်းတို့ကို စီမံခန့်ခွဲမှုအလွဲတွေက ထပ်အားဖြည့်ပေးတယ်။

YBS ကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ခိုင်းဖို့ ကိုယ့်မှာ ကိုယ်ပိုင်ကား ရှိမှရမယ်။

System breakdown ကို နားလည်ပေးနိုင်ဖို့ ကိုယ့်မှာ မီးစက်ရှိရမယ်။

အစမ်းသပ်ခံ ပညာရေးရဲ့ ဆိုးကျိုးကို မခံချင်ရင် ကိုယ့်သားသမီးတွေကို International School ထားနို်င်မှရမယ်။

ဒီအခါ ကျွန်တော်တို့၊ ခင်ဗျားတို့တွေ ငွေကြေးရဲ့ စွဲဆောင်မှုဒဏ်ကို ဘယ်လိုတောင့်ခံမလဲ။ ကျွန်တော်တို့ရဲ့ ကလေးတွေကိုရော ဘယ်လိုသင်ပေးမလဲ။ ကိုယ့်သိက္ခာ၊ ကိုယ့်အလှ၊ ကိုယ့်ခန္ဓာကိုယ်ကို ငွေနဲ့မလဲဖို့ သမီးတွေကို ဘယ်လိုဆုံးမမလဲ။ ရိုးရိုးသားသား သမ္မာအာဇီဝအလုပ်နဲ့ ငွေရှာဖို့ သားတွေကို ဘယ်လိုပြောမလဲ။

သူတို့က ပြန်ပြောမှာပေါ့။ ကိုယ်ကျင့်တရားဆိုတာကြီးက ဗိုက်မပြည့်ဘူးလေ။ ကိုယ်နေထိုင်မကောင်းရင် ကုပေးမှာ အကျင့်စာရိတ္တ မဟုတ်ဘူး။ ပြဿနာ ဖြစ်လာရင် ရှင်းပေးမှာ ကျင့်ဝတ်စောင့်ထိန်းမှု မဟုတ်ဘူး။ ဒီတော့ Moral value တွေ မရှိတော့ဘူး။ လူတစ်ယောက်ရဲ့ အဆင့်အတန်း ဆိုတာ ပိုက်ဆံ ဘယ်လောက်ရှိသလဲ ဖြစ်လာတယ်။

တစ်ခါတစ်လေတော့ သိချင်မိတယ်။ ခရိုနီ ခရိုနီနဲ့ ဆဲနေကြပေမယ့် အဲဒီခရိုနီကများ အလုပ်တွဲလုပ်မယ်ဆို ငြင်းမယ့်လူ ၁၀၀ မှာ ဘယ်နှယောက်ရှိသလဲ။ အဲဒီခရိုနီက ကိုယ့်သမီးကို ကြိုက်တယ်ဆို ငြင်းမယ့်မိဘ ဘယ်နှယောက် ရှိသလဲ။ သိချင်ရုံပါ။ မငြင်းလည်း အပြစ်မတင်ပါဘူး။ ကိုယ်ဆိုလည်း ငြင်းနိုင်ပါ့မလား မသေချာဘူး။ ဘာလို့ဆိုတော့ ခင်ဗျားတို့ ကျွန်တော်တို့က ဒီအချိန် ဒီအခါမှာမှ လူဖြစ်လာကြတာကိုး။

လူတွေက ပြောကြတယ်။ ငွေဆိုတာ ဒုတိယဘုရားသခင်တဲ့၊ အရာရာ ဖန်ဆင်းပေးနိုင်သတဲ့လေ။

ဟင့်အင်း၊ မှားပါတယ်။ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပြီး သီလတွေ ကျင့်ဝတ်တွေကို စောင့်ထိန်းရမယ် ဆိုတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ငွေဟာ ဒုတိယဘုရားသခင် မဟုတ်ပါဘူး။ အဲဒီထက်ကို ပိုပါတယ်။

ဒေါက်တာဖြိုးသီဟ

၁၀.၁.၂၀၁၈

2K Shares
Share2K
Tweet
+1
Share