ခေါင်းဆောင်တစ်ယောက်လို စကားပြောပါ - ဒေါက်တာ ဖြိုးသီဟ

ခေါင်းဆောင်တစ်ယောက်လို စကားပြောပါ

‘ကျွန်မတို့ရဲ့ အောင်မြင်မှုဟာ ခိုက်ရန်ဖြစ်ပွားမှုတွေထက် သဟဇာတဖြစ်မှုကို တန်ဖိုးထားကြတဲ့၊ ရန်ဖက်ဖြစ်ခြင်းထက် မိတ်ဖက်ဖြစ်ခြင်းကို တန်ဖိုးထားတဲ့၊ ပျက်စီးယိုယွင်းမှုတွေထက် သာယာဝပြောမှုကို လိုလားကြတဲ့ ကမ္ဘာ့ပြည်သူအားလုံးအတွက် အောင်မြင်မှု ဖြစ်လာမှာဖြစ်ပါတယ်’

ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုက အန်တီစုရဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ဒီစကားလေးကြားတော့ ကြည့်ခဲ့ဖူးတဲ့ TED Talk တစ်ခု သွားသတိရပါတယ်။ နာမည်ကျော် မိန့်ခွန်းရေးသူ (Speech writer) တစ်ဦးဖြစ်တဲ့ Simon Lancaster ရဲ့ ဟောပြောမှုပါ။ Speak like a leader ဆိုတဲ့ အဲဒီဟောပြောမှုမှာ သူက ခေါင်းဆောင်တွေရဲ့ နာမည်ကျော်စကားတွေကို အသုံးပြုပြီး ရှင်းပြထားတာလေး သိပ်ကောင်းပါတယ်။ အဲဒါလေးကို ဝေမျှပါရစေ။

လူထုကို လွှမ်းမိုးချင်တဲ့သူတွေ၊ စည်းရုံးဆွဲဆောင်ချင်တဲ့သူတွေ သိထားသင့်ပါတယ်။ ငါတို့ကနိုင်ငံရေးမှ မလုပ်ဘဲ၊ ရွေးကောက်ပွဲမှ မ၀င်ဘဲ၊ မလိုအပ်ပါဘူး မထင်ပါနဲ့။ လူတိုင်းဟာ တစ်နေရာရာမှာတော့ ခေါင်းဆောင်ဖြစ်နိုင်ကြပါတယ်။ သမ္မတလောက်မဟုတ်ပေမယ့် ဌာနတစ်ခုရဲ့ အကြီးအကဲဆိုတာလည်း ခေါင်းဆောင်ပါပဲ။ ဒီတော့ ဒီိလိုအဟောအပြောစွမ်းရည်တွေကိုသာ အသုံးချနိုင်မယ်ဆိုရင် ဘာအလုပ်ကိုပဲလုပ်လုပ် ကိုယ့်အလုပ်မှာ သူများထက် တစ်ပန်းသာနေမှာ ဖြစ်ပါတယ်။

၁။ ‘၃’ ဂဏန်းကို သုံးပါ

Rhetoric လို့ခေါ်တဲ့၊ လူအများကို စွဲဆောင်မှုအပြည့်နဲ့ လှုံ့ဆော်နိုင်တဲ့ စကားပြောဆိုမှုအတတ်ပညာမှာ (၃)ဂဏန်းဟာ အရေးကြီးပါတယ်။ Magic number လို့ဆိုပါတယ်။ ဥပမာဆိုရင် အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်းရဲ့ ဒီမိုကရေစီကို ဖော်ညွှန်းတဲ့ ‘Government of the people, by the people, for the people’ , ဂျူးလိယက်ဆီဇာရဲ့ ‘Veni Vidi Vici’ (I came, I saw, I conquered) ဒါတွေဆိုရင် စကားလုံး(၃)လုံးတည်း သုံးပြသွားတာ တွေ့ရပါလိမ့်မယ်။

ဒါကို သိပြီးနောက်ပိုင်း ဆောင်းပါးရေးတဲ့အခါမှာ အချက်တွေရေးပြရတာ ရှိလာရင် တတ်နိုင်သလောက် (၃)ချက်နဲ့ပြီးအောင် ချုံ့ရေးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တည်ဆောက်တဲ့အကြောင်း ဆောင်းပါးမှာ Style, Competence, Fake ၊ နောက် ရွေးချယ်မှုနဲ့ ပတ်သက်တဲ့ ဆောင်းပါးမှာ Value, Information, Positive attitude ၊ (၃)ချက်ပဲရေးခဲ့တယ်။ အဲဒီဆောင်းပါးတွေကို လူတွေပိုမှတ်မိကြ၊ သဘောကျကြတာလည်း သတိထားမိခဲ့ပါတယ်။

၂။ ဆင်တူတဲ့စာကြောင်း(၃)ကြောင်းပြောပါ

တခုခုကို ထင်ရှားစေချင်ရင် သုံးပါတယ်။ ဥပမာ- ‘ကျွန်တော်လိုချင်တာ Target ပြည့်ဖို့မဟုတ်ဘူး၊ ကျွန်တော်လိုချင်တာ အထက်လူကြီးရဲ့ချီးကျူးမှုမဟုတ်ဘူး၊ ကျွန်တော်လိုချင်တာ လစာတိုးဖို့မဟုတ်ဘူး။ ကျွန်တော်လိုချင်တာက ကျွန်တော်နဲ့အလုပ်တွဲလုပ်နေတဲ့ ခင်ဗျားတို့ရဲ့ တိုးတက်မှု၊ စိတ်ပျော်ရွှင်မှုပဲ’

‘ကျွန်တော်လိုချင်တာ’ ဆိုတဲ့ စာကြောင်းကို (၃)ခါပြောပြီးမှ အဓိကလိုရင်းကို ပြောသွားတယ်။

‘ကျွန်တော်နဲ့တွဲလုပ်တဲ့သူတွေကို တိုးတက်စေချင်တယ်၊ ပျော်စေချင်တယ်’ ဆိုလည်း တစ်ခွန်းတည်း ရပါတယ်။ ဒါပေမယ့် အဲဒီစကားနှစ်ခု ယှဉ်ကြည့်ပါ။ ဘယ်ဟာက ပိုပြီးလူကို စွဲဆောင်နိုင်သလဲ။ နောက်ဆုံးစကားကို ကြားရဖို့ ရှေ့က (၃)ခုနဲ့ လူတွေကို ဆွဲခေါ်လာလိုက်တာပါ။

ဗိုလ်ချုပ်မိန့်ခွန်းတစ်ခုမှာလည်း အဲဒီဥပမာကို တွေ့နိုင်ပါတယ်။

“လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးရနိုင်အောင် စည်းကမ်းရှိကြပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွှတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ထူထောင်မှုကို လုပ်ကြပါ”

ဘာလို့ထပ်ကာထပ်ကာ ပြောနေတာလဲ။ ထင်ရှားစေချင်လို့၊ လေးနက်စေချင်လို့ပါ။

၃။ ဟန်ချက်ညီတဲ့ စာကြောင်း(၃)ကြောင်းပြောပါ

ပထမဆုံးပြောခဲ့တဲ့ အန်တီစုရဲ့မိန့်ခွန်းဆိုရင် ဒီအချက်နဲ့ အကြုံးဝင်ပါတယ်။

‘ခိုက်ရန်ဖြစ်ပွားမှုတွေထက် သဟဇာတဖြစ်မှု၊ ရန်ဖက်ဖြစ်ခြင်းထက် မိတ်ဖက်ဖြစ်ခြင်း၊ ပျက်စီးယိုယွင်းမှုတွေထက် သာယာဝပြောမှု၊ စသဖြင့် ဟန်ချက်ညီတဲ့ စာကြောင်းတွေကို ပြောသွားတယ်။ လူတွေဟာ ဟန်ချက် ဆိုတာကို သဘောကျကြတယ်။ Balanced diet, Balanced life စသဖြင့်ပေါ့။ ဒီတော့ ခုလိုဟန်ချက်ညီတဲ့ စာကြောင်းတွေက လူတွေကို ပိုသဘောကျစေတယ်။ ဘ၀င်ခိုက်စေပါတယ်။

‘မိဘရင်ခွင်ဟာ အကျယ်ကြီးမဟုတ်ဘူး၊ ဒါပေမယ့် အလုံခြုံဆုံးပဲ။

အကောင်းကြီးမဟုတ်ဘူး၊ ဒါပေမယ့် အနွေးထွေးဆုံးပဲ။

အခမ်းနားကြီးမဟုတ်ဘူး၊ ဒါပေမယ့် အပြည့်စုံဆုံးပဲ။’ – ဒီလိုပုံစံ ရည်ညွှန်းတာလေးတွေက တအားထိပါတယ်။

၎။ Metaphor သုံးပါ

Metaphor ဆိုတာ တခုခုနဲ့သရုပ်ဖော်တာမျိုးပါ။ ‘လေထဲက ဖယောင်းတိုင်’ (Candle in the wind) ဆိုရင် အတိုက်အခိုက်တွေကြားထဲက ရှင်သန်နိုင်သူပေါ့။ ‘သံမဏိနှင်းဆီ’ ဆိုရင် လှပသလောက် သန်မာတယ်။ ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘဲ သရုပ်ဖော်လိုက်တာပေါ့။

ဥပမာအနေနဲ့ ဗိုလ်ချုပ်မိန့်ခွန်းတစ်ခုကို ထပ်ကိုးကားလိုပါတယ်။

“(သူများတိုင်းပြည်နဲ့) တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါမှာ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်လည်း မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသည်လိုနိုင်ငံမျိုး ဖြစ်နေမှာပဲ ဆိုတာ ခင်ဗျားတို့အတိအလင်း နားလည်ထားစေချင်တယ်”

တိုင်းပြည်ဟာ ခုမှ လွတ်လပ်ရေးရမယ်။ သူများထက်စာရင် နောက်ကျနေပြီ။ သူက ခြေလှမ်းတစ်လှမ်း လှမ်းရင် ကိုယ်က ၄ ၅ ၁၀ လှမ်း လှမ်းနိုင်မှ တန်ကာကျမယ်။ ဒီအခြေအနေမှန်ကို နားလည်စေချင်တယ်၊ ပြည်သူကို တွန်းအားပေးချင်တယ်။ ဒီတော့ အဲဒီလိုမှမကြိုးစားကြရင် ဖြစ်လာနိုင်တာကို စကားလုံးတစ်လုံးတည်းနဲ့ ဥပမာပေးသွားတယ်။ ‘ဖာသည်’။ ဖာသည် ဆိုတာ လူ့အောက်ကျတယ်၊ သူတစ်ပါးစိတ်တိုင်းကျ နေပေးရတယ်၊ သိက္ခာမရှိဘူး၊ ဂုဏ်မရှိဘူး၊ မာန်မရှိဘူး၊ လူတကာက နှာခေါင်းရှုံ့တယ်။
ဒီနေ့အချိန်ထိ အဲဒီစကားလုံး၊ အဲဒီဥပမာ လူတွေမှတ်မိနေတုန်းပဲ။ ကိုးကားနေတုန်းပဲ။

၅။ ပိုပိုသာသာ ပြောပါ

‘စိတ်ဆန္ဒနဲ့ ယုံကြည်မှုတွေသာ ပေါင်းစပ်ထားနိုင်မယ်ဆိုရင် မင်းတို့ကို မိုးကောင်းကင်ကတောင် တားဆီးနိုင်တော့မှာ မဟုတ်ဘူး’ – ဟစ်တလာရဲ့မိန့်ခွန်း။

‘ပရိသတ်ရဲ့အားပေးမှုတွေသာ မပါရင် ကျွန်တော်ဆိုတာလည်း ရှိလာမှာမဟုတ်ပါဘူး’ – အကယ်ဒမီပေးပွဲတွေမှာ ပြောတတ်ကြတယ်။

‘ဒီအသင်းနဲ့အတူ ဖလားတွေရဖို့ ကျွန်တော်မစောင့်နိုင်တော့ပါဘူး’ – ဘောလုံးသမားတွေ အသင်းသစ်တစ်ခုကို ရောက်တဲ့အခါ ပရိသတ်ကို ချုပ်ဖို့ အဲ့လိုပြောလေ့ရှိကြတယ်။ မဟုတ်ဘဲပြောတာမျိုးကို မဆိုလိုဘူး၊ တကယ်ဟုတ်နေတာထက် ပိုပိုသာသာလေး ပြောတာမျိုးကို ခေါ်တာပါ။

၆။ ကာရန်သုံးပါ

ဒီတစ်ခါတော့ မိန့်ခွန်းတွေ မကိုးကားတော့ဘူး။ ကျွန်တော့်ကိုယ်တွေ့အတွေ့အကြုံလေးပဲ ရေးပြတော့မယ်။ ဘာလဲဆိုတော့ တအားပေါက်သွားဖူးတဲ့ ဆောင်းပါးလေး၊ ‘Crush တွေများလွန်းလို့ Brush နဲ့ပါ တိုက်ချနေရလိမ့်မယ်’ ဆိုတာ။ ခရပ်ရှ်နဲ့ ဘရပ်ရှ် ကာရန်ညီနေတာလေးက ဖတ်ရသူကို ပျော်ရွှင်စေတယ်။ မှတ်မိစေတယ်။ ‘ရင်မှာစွဲလမ်း ဦးတင့်ဆန်း’၊ ‘MPT ရှေ့သို့လှမ်းချီ မြန်မာပြည်’၊ ဒါတွေဆိုရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ပါးစပ်ထဲတော့ စွဲကျန်နေခဲ့တာပဲ။

စိတ်ဝင်စားရင် ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းဟောင်းတွေ၊ ထပ်ပြီးကြားရမယ့် အသစ်တွေမှာ ဒီအချက်(၆)ချက်ကို သတိထားလိုက်ကြည့်ကြည့်ပါ။ အဲဒီလိုတွေ အသုံးချထားတာ တွေ့ရလိမ့်မယ်။ အဲဒီလိုပဲ လူထုအပေါ် လွှမ်းမိုးမှုကြီးတာကိုလည်း တွေ့လိမ့်မယ်။ ဒါကြောင့် လူအများကို တခုခုပြောရတော့မယ့်အခါတိုင်း ဆက်သွယ်တော့မယ့်အခါတိုင်းမှာ ဒီအချက်တွေကို ထည့်သွင်းအသုံးချပါ။ ခေါင်းဆောင်တစ်ယောက်လို စကားပြောပါ။ ကိုယ့်ရဲ့ စကားပြောဆိုမှုဟာ အများကြားမှာ တစ်မူခွဲထွက်နေပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၃၀.၇.၂၀၁၇

Ref: Speak like a leader – Simon Lancaster TED talk

 

396 Shares