မြေလျှောက်လိပ်ပြာ

ကျွန်တော် အခုလို စာတွေရေးဖြစ်လာတော့ ငယ်ငယ်ကတည်းက သိခဲ့တဲ့ သူငယ်ချင်းတချို့က နောက်ကြတယ်၊ မင်း စာတွေကို Shadow ရေးခိုင်းတာလား တဲ့။ သဘောက တခြားတစ်ယောက်က ရေးပေး၊ ကျွန်တော်က နာမည်ခံတယ်ပေါ့။ ဘာလို့ သူတို့ အဲ့လိုနောက်ကြတာလဲဆိုတော့ ဆေးကျောင်းကနေ ဘွဲ့ရတဲ့အချိန်ထိ ရှိနေခဲ့တဲ့ ကျွန်တော့်ပုံစံနဲ့ လက်ရှိကျွန်တော့်ပုံစံက တခြားစီဖြစ်သွားလို့တဲ့လေ။

ကျွန်တော်က ကံကောင်းတယ်ပဲ ပြောရမလားတော့ မသိ၊ လိုလေသေးမရှိအောင် ထားတဲ့မိဘနဲ့ ဆုံခဲ့ရတယ်။ ကျွန်တော့်ဘ၀မှာ ကျောင်းသွားမယ်၊ စာကျက်မယ်၊ အိမ်ထဲနေမယ်၊ တီဗွီကြည့်၊ ဂိမ်းကစားမယ်၊ ဒါ့ထက်ပိုတာ သိပ်မရှိဘူး။ ဒီလိုနဲ့ ဘွဲ့ရသွားတယ်။ အပြင်စာတွေ အနည်းအပါး ဖတ်ဖြစ်လာတဲ့အချိန်မှာ ဆရာလကာင်္ရည်ကျော် ရေးတဲ့ “မြေလျှောက်လိပ်ပြာ” ဆိုတဲ့ ဆောင်းပါးလေးက ရင်ကို လာထိတယ်။ ဦးနှောက်ကို လှုပ်နှိုးတယ်။ ဒါနဲ့ပဲ ဒီအတိုင်း ထိုင်မနေတော့ဘူး ဆိုပြီး အလုပ်လုပ်ဖို့ ကြိုးစားတယ်။ အလုပ်လျှောက်တုန်းကဆို အိမ်ကို ဘာမှမတိုင်ပင်ဘူး။ တားနေမှာစိုးလို့။ ရသွားပြီဆိုတာတောင် မပြောသေးဘူး။ သန်ဘက်ခါလို ဖျာပုံကို သွားရတော့မယ်ဆို ဒီနေ့ကျမှ အမေ သားအလုပ်ရသွားပြီလို့ ပြောခဲ့တာ။ အဲဒီလိုနဲ့ နယ်ကိုရောက်၊ ကိုယ့်ဘ၀ကိုယ်ကျောင်း၊ လောကကြီးနဲ့ ထိတွေ့။

မိဘကို ပူဆာသမျှ အကုန်ဖြစ်ခဲ့ပေမယ့် ဘ၀ထဲမှာကျ မျှော်လင့်ထားသလို ဖြစ်မလာတာတွေ အကြိမ်ပေါင်းများစွာ ကြုံလာရတယ်။ ကိုယ်က အိမ်နဲ့ခွဲနေရတာလောက် ညည်းနေချိန်မှာ ငယ်ငယ်ကတည်းက အဖေ အမေ ဆိုတာ ဘယ်သူမှန်းတောင် မသိခဲ့တဲ့သူတွေကို တွေ့လာရတယ်။ ကိုယ်က အနာဂတ်ေ၀၀ါးနေလို့ စိတ်ပျက်နေချိန်မှာ ဒီနေ့ ဆိုတာတောင် ပျောက်ဆုံးနေတဲ့သူတွေကို မြင်လာရတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်ဟာ တွေးတတ်ခေါ်တတ်လာတယ်၊ အကောင်းမြင်တတ်လာတယ်၊ သူတစ်ပါးကို ကိုယ်ချင်းစာတတ်လာတယ်၊ ရင့်ကျက်လာခဲ့တယ်ပဲ ဆိုပါတော့။

သိပ်လှပတဲ့ လိပ်ပြာလေးတစ်ကောင်ဟာ အင်မတန်မှ ရုပ်ဆိုးတဲ့ ပိုးတုံးလုံးဘ၀ကနေ ပြောင်းလဲလာတာပါ။ ဒါပေမယ့် သူ့အလိုလို ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီအခွံထဲကနေ ရုန်းကန်ထွက်ပြီးမှ လိပ်ပြာရယ်လို့ ဖြစ်လာတာပါ။ အဲဒါကို တစ်ယောက်ယောက်ကများ မကြည့်ရက်လို့ ဆိုပြီး သူ့အခွံလေးကို သွားချွတ်ပေးလိုက်ရင် အဲဒီအကောင်လေးဟာ မရုန်းကန်ခဲ့ရတော့ ကိုယ်ပေါ်က အရိအချွဲတွေ မစင်တော့တာမို့ လိပ်ပြာတော့ဖြစ်လာမယ်၊ ဒါပေမယ့် လေပေါ်မပျံနိုင်ဘဲ မြေမှာပဲ လျှောက်နေရတဲ့ မြေလျှောက်လိပ်ပြာလေး ဖြစ်လာမယ်။

ကျွန်တော်တို့ ဘ၀မှာလည်း ဒီလိုပဲ။ ဒီအတိုင်းနေရင်းထိုင်ရင်းနဲ့ ရလာမှာဆိုလို့ အသက်အရွယ်နဲ့ အိုမင်းရင့်ရော်မှုပဲ ရှိတယ်။ ကျန်တာတွေအကုန်လုံးကတော့ ကြိုးစားယူရတယ်။ အားထုတ်ရတယ်။ ပင်ပန်းတယ်။

အချိန်တွေကြာလာရင် လူကြီးတော့ဖြစ်လာမှာပဲ။ ဒါပေမယ့် ကိုယ့်သားသမီး စာမေးလို့မှ မဖြေနိုင်တဲ့လူကြီး၊ ကိုယ့်သားသမီး တောင်းဆိုတာကို မဖြည့်ဆည်းပေးနိုင်တဲ့လူကြီး၊ လူငယ်တွေအတွက် လမ်းပြမပေးနိုင်တဲ့လူကြီးမျိုးပဲ ဖြစ်လာလိမ့်မယ်။

CHANGE is difficult, but NOT CHANGING is fatal.

ပြောင်းလဲရတာ အင်မတန်မှ ခက်ပါတယ်။ ဒါပေမယ့် မပြောင်းဘဲနေလိုက်ရင် ဖြစ်လာမှာတွေကတော့ သေလောက်အောင် ကြောက်စရာကောင်းပါတယ်။

ဒီအတိုင်းပဲ မျှောနေရင်၊ အေးအေးဆေးဆေးလေး အချိန်ဖြုန်းပြီး ဘ၀ကို ဖြတ်သန်းနေရင် ပျော်စရာကြီးပါ။ အဲဒါမျိုးက လူတိုင်းလည်း ဖြစ်နိုင်ရင် နေချင်ကြပါတယ်။ သို့သော်လည်း အဲဒီစိတ်ကို ပြင်ဆင်ပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနေကြရတယ်။ အပင်ပန်းတွေ ခံနေကြတယ်။ အခက်အခဲတွေကို ရင်ဆိုင်နေကြတယ်။ အကြောင်းရင်းကတော့ ရှင်းပါတယ်။ လိပ်ပြာတန်မယ့် မြေပေါ် မလျှောက်ချင်လို့ပါ၊ လေမှာ ၀ဲချင်လို့ပါ။

ကြားဖူးတဲ့စကားလေးတစ်ခွန်း ရှိပါတယ်။

နုပျိုခြင်းကို တစ်သက်မှာတစ်ခါပဲ ရနိုင်ပေမယ့် မရင့်ကျက်ခြင်းကတော့ အမြဲတမ်း ရနေနိုင်ပါတယ်.. တဲ့။

ဟုတ်ပါတယ်။ ကံကောင်းမှုနဲ့ အဆင်ပြေစေမှုတွေက ကိုယ့်ကို နေရသက်သာစေလိမ့်မယ်။ လွယ်လွယ်အောင်မြင်စေပါလိမ့်မယ်။ ဒါပေမယ့် အခက်အခဲနဲ့ ဒုက္ခတွေကသာ ကျွန်တော်တို့ကို ရင့်ကျက်စေမှာ၊ အဓိပ္ပါယ်ရှိစေမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၄.၁၁.၂၀၁၇

2K Shares
Share2K
Tweet
+1
Share